Homeပြည်တွင်းသတင်းဖျာပုံမြို့မှာ ရဲစခန်းမှူးရဲ့ ဆိုင်ကယ် ခိုးယူခံရ

ဖျာပုံမြို့မှာ ရဲစခန်းမှူးရဲ့ ဆိုင်ကယ် ခိုးယူခံရ

၁၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးထွန်းဦးရဲ့ ဇနီး အသုံးပြုနေတဲ့ ဆိုင်ကယ်တစ်စီး ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ဖျာပုံမြို့ မြောက်ပိုင်းဈေးလေးထိပ်မှာ ရပ်ထားစဉ် ခိုးယူခံခဲ့ရပြီး လက်ရှိအချိန်အထိ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခိုးယူခံရတဲ့ဆိုင်ကယ်ဟာ ယာဉ်အမှတ် AYY 64W-68635 ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဆိုင်ကယ်ဟာ စခန်းမှူးရဲ့ ဇနီး အသုံးပြုနေတဲ့ဆိုင်ကယ်ဖြစ်ပေမယ့် စခန်းမှူးဘက်က အသိမိတ်ဆွေတစ်ဦးပိုင်ဆိုင်တဲ့ ဆိုင်ကယ်ဖြစ်တယ်လို့ ပြောဆိုထားကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး New Day Myanmar အနေနဲ့ ရဲစခန်းဘက်က သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ဖျာပုံမြို့နယ်အတွင်း ခိုးမှုနဲ့ ဖောက်ထွင်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့် ရဲတပ်ဖွဲ့ဘက်က ထိရောက်စွာ ကာကွယ်တားဆီးနိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပါတယ်။ ပစ္စည်းပျောက်ဆုံးမှုတွေအတွက် ရဲစခန်းမှာ သွားရောက်တိုင်ကြားတဲ့အခါ အချို့ဖြစ်စဉ်တွေကို တရားဝင်အမှုဖွင့်ပေးဖို့ ငြင်းဆန်တာတွေရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တဦးကတော့ မှုခင်းတိုင်ကြားချက်တွေကို တရားဝင်စာရင်းမသွင်းတာဟာ ဒေသအတွင်း မှုခင်းဖြစ်ပွားမှုနည်းပါးတယ်လို့ အထက်အဆင့်ဆင့်ကို တင်ပြနိုင်ဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ဒါပေမယ့် အဲဒီပြောဆိုချက်ကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ဖျာပုံမြို့နယ်အတွင်း တရားမဝင်လောင်းကစားလုပ်ငန်းတွေဆီက ရရှိတဲ့ငွေကြေးခွဲဝေမှုနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နဲ့ ခရိုင်အဆင့်ရဲတပ်ဖွဲ့ဝင်တွေအကြား အဆင်မပြေမှုတွေရှိနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက စွပ်စွဲပြောဆိုပါတယ်။

အဲဒီစွပ်စွဲချက်အရ စခန်းမှူး ဒုရဲမှူး မျိုးထွန်းဦးနဲ့ နယ်ထိန်းတာဝန်ရှိသူ ဒုရဲအုပ် ဝင်းဇော်အောင်တို့ဟာ ခရိုင်အဆင့်တာဝန်ရှိသူတွေနဲ့ ငွေကြေးအကျိုးအမြတ်ခွဲဝေမှုအပေါ် အငြင်းပွားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ တရားမဝင်လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးခွဲဝေမှုဆိုင်ရာ စွပ်စွဲချက်တွေကို သက်ဆိုင်သူတွေဘက်က တုံ့ပြန်ထားခြင်း မရှိသေးသလို New Day Myanmar အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Related News

Most Read