၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်တို့မှာ ပင်လယ်ပြင်ကို တင်ပို့ဖို့ စီစဉ်ထားတဲ့ ဒေသကာလတန်ဖိုး ငွေကျပ် ဘီလီယံ ၂၀ ကျော်ရှိတဲ့ အိုက်စ် (Ice) မူးယစ်ဆေး ၈၁၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) က ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ဇူလိုင် ၆ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးမှာ ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာတဲ့ ခြောက်ဘီးယာဉ်တစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ဒေသကာလတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံရှိတဲ့ အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ မူးယစ်ဆေးသယ်ဆောင်ရောင်းဝယ်ရာမှာ ပါဝင်ခဲ့တဲ့ ဇေယျာလင်းနဲ့ ထွေးမင်းဇော်တို့ကို ဇူလိုင် ၇ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းဆုံမှာ ဖမ်းဆီးခဲ့ပြီး မျိုးသန်းကို ဇူလိုင် ၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၉) ရပ်ကွက်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်စစ်ဆေးမှုအရ ဇူလိုင် ၈ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဒလမြို့၊ မှော်စက်ရပ်ကွက်ရှိ ရန်ကုန်မြစ်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ “မိဘမေတ္တာ (၁)” စက်လှေပေါ်ကနေ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်နဲ့ မြင့်ခိုင်တို့ ၁၀ ဦးကို ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၇၅ ဘီလီယံရှိတဲ့ အိုက်စ်မူးယစ်ဆေး ၃၁၀ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC က ဆိုပါတယ်။
ကွင်းဆက်ဖော်ထုတ်မှုတွေအရ ပင်လယ်ပြင်ကို မူးယစ်ဆေးတင်ပို့ရာမှာ ပါဝင်ခဲ့တဲ့ ကျော်ဦးကို ကွမ်းခြံကုန်းမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ရာဇာဟိန်းကို ဗိုလ်တထောင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထပ်မံစစ်ဆေးချက်တွေအရ ဖမ်းဆီးရမိတဲ့ အိုက်စ်မူးယစ်ဆေးတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကနေ ရန်ကုန်အထိ တာဝန်ယူသယ်ဆောင်သူဟာ လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ဖမ်းဆီးရမိဖို့ကျန်နေတဲ့ ရန်ကြားရှော (ခ) ရန်ကုလား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်ကနေ ပင်လယ်ပြင်ကို တင်ပို့ရာမှာ အဓိကစီမံခန့်ခွဲသူဟာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဖမ်းဆီးရမိဖို့ကျန်နေတဲ့ ဝီလျံထွန်းဖြစ်ပြီး၊ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဖြစ်တဲ့ မြတ်သူ၊ ဖမ်းဆီးခံထားရတဲ့ ရာဇာဟိန်းနဲ့ မျိုးသန်းတို့လည်း အမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ CCDAC က ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိထားသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုက ရရှိလာတဲ့ ငွေကြေးအကျိုးအမြတ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ CCDAC က ထုတ်ပြန်ထားပါတယ်။


