၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ “နိုင်ငံအပေါ် သစ္စာရှိဖို့” နဲ့ မိသားစုထံ ငွေကြေးပုံမှန်ပြန်လွှဲပို့ဖို့ မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ထပ်မံဖိအားပေး ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၂၆ ရက်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို သွားရောက်အလုပ်လုပ်မယ့် သင်တန်းသားတွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာပါ။
အလုပ်သမားတွေဟာ သွားရောက်မယ့်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာဖို့၊ နိုင်ငံရဲ့ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့နဲ့ မိသားစုရဲ့ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ငွေပုံမှန်ပြန်လွှဲပို့ဖို့ လိုအပ်တယ်လို့ ခင်မောင်စိုးက ပြောခဲ့ကြောင်း နေပြည်တော်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဇူလိုင် ၈ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ပြည်ပရောက်မြန်မာလုပ်သားတွေဆီက နိုင်ငံခြားငွေတွေ ပြည်တွင်းကို ပိုမိုစီးဝင်လာအောင် အေဂျင်စီတွေနဲ့ သက်ဆိုင်ရာဌာနတွေက အခုထက်ပိုပြီး ကြပ်မတ်ဆောင်ရွက်ဖို့ ခင်မောင်စိုးက ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးဌာနဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကစပြီး ပြည်ပရောက်အလုပ်သမားတွေရဲ့ လစဉ်အခြေခံလစာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစု ဒါမှမဟုတ် ကိုယ်ပိုင်ဘဏ်စာရင်းဆီ ပုံမှန်လွှဲပို့ဖို့ သတ်မှတ်ခဲ့ပါတယ်။
ငွေလွှဲရာမှာ နေပြည်တော်အစိုးရက အသိအမှတ်ပြုထားတဲ့ ဘဏ်တွေ၊ ငွေလွှဲလုပ်ငန်းလိုင်စင်ရကုမ္ပဏီတွေ ဒါမှမဟုတ် ဘဏ်နဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတွေကိုသာ အသုံးပြုရမှာဖြစ်ပြီး တလတကြိမ် ဒါမှမဟုတ် သုံးလတကြိမ် လွှဲပို့ရမယ်လို့ သတ်မှတ်ထားပါတယ်။
“မိသားစုဆီကတော့ မဖြစ်မနေ လွှဲနေကြတာပါ။ ဒါကိုပဲ စစ်တပ်က တော့ သူတို့ ဆီပိုက်ဆံ ဝင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်နေတာပါပဲ။ နှဂိုကလည်း အခွန်တွေ ကောက်တယ်။ ထပ်လွှဲရင်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ပိုက်ဆံကို ရအောင် ယူနေကြတဲ့ သဘောပါပဲ။”လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတဦးက New Day Myanmar ကိုပြောပါတယ်။
သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ငွေလွှဲထားတဲ့အထောက်အထား မပြနိုင်သူတွေကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးတာ၊ OWIC ကတ်ထုတ်မပေးတာနဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ကန့်သတ်တာတွေ ပြုလုပ်နိုင်တယ်လို့လည်း စစ်အုပ်စုက သတိပေထားပါတယ်။
ဒါ့အပြင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန်ကောက်ခံမှုကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပြန်လည်အသက်သွင်းခဲ့ပြီး သတ်မှတ်ချက်အရ အခွန်မဆောင်သူတွေဟာ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဝန်ဆောင်မှုရယူရာမှာ အခက်အခဲကြုံနိုင်ပါတယ်။
ပြည်ပရောက်အလုပ်သမားတွေကတော့ တရားဝင်ငွေလွှဲလမ်းကြောင်းမှာ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းဟာ ပြင်ပပေါက်ဈေးထက် နိမ့်နေတာကြောင့် ငွေလွှဲသူနဲ့ မိသားစုတွေ ငွေကြေးနစ်နာမှုရှိတယ်လို့ ပြောကြပါတယ်။
စစ်အုပ်စုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်ဝင်ငွေနဲ့ နိုင်ငံတကာအကူအညီတွေ ကျဆင်းပြီး နိုင်ငံခြားငွေရှားပါးလာချိန်မှာ ပြည်ပရောက်အလုပ်သမားတွေရဲ့ လွှဲပို့ငွေတွေ ပြည်တွင်းကို ဝင်ရောက်လာအောင် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်လုပ်ခွင့်တို့ကို အသုံးပြုပြီး တင်းကျပ်လာတာဖြစ်ပါတယ်။
ပုံစာ – ၂၀၂၆ ခုနှစ်ဇွ န်လ ၁၅ ရက်နေ့က လယောင်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများ
ဓါတ်ပုံ – Siamrath


