Homeပြည်တွင်းသတင်းSRA တပ်ပေါင်းစုက NLA နှုတ်ထွက်ပြီး NUG လက်အောက်ကို ဝင်ရောက်

SRA တပ်ပေါင်းစုက NLA နှုတ်ထွက်ပြီး NUG လက်အောက်ကို ဝင်ရောက်

၂၆ မတ် ၂၀၂၆ | New Day Myanmar

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှုတ်ထွက်သွားခဲ့တယ်လို့ SRA ပြောရေးဆိုခွင့်ရှိသူ SRA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 

NLA ဟာ SRA ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေအတိုင်း နှုတ်ထွက်ခွင့် တင်ပြလာတာဖြစ်ပြီး တပ်ပေါင်းစုဘက်ကလည်း နှုတ်ထွက်ခွင့်ကို ခွင့်ပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

NLA အနေနဲ့ စည်းမျဉ်းအတိုင်း နှုတ်ထွက်ခွင့် တင်ပြလာတာရှိပြီး ကျနော်တို့လည်း ပြေပြေလည်လည် ခွင့်ပြုပေးခဲ့တာပါ လို့ SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြည်တွင်းသတင်းဌာနတခုကိုပြောဆိုထားပါတယ်။ 

SRA ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ အဖွဲ့ဝင်တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပြီး NLA လည်း အစောပိုင်းက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် SRA ရဲ့ စည်းမျဉ်းအရ အဖွဲ့ဝင်တပ်ဖွဲ့တွေဟာ NUG MOD ကွပ်ကဲတဲ့တပ်၊ EROs သို့မဟုတ် တခြားမဟာမိတ်အဖွဲ့အစည်းတစ်ခုခုရဲ့ ကွပ်ကဲမှုအောက်မှာ မဖြစ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒီအချိန်မှာ NLA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ကို ဝင်ရောက်သွားတာကြောင့် SRA မှ နှုတ်ထွက်လာတာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ NLA တပ်ဟာ မတ်လ ၂၀ ရက်မှာ စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း ပြုလုပ်တဲ့ အခမ်းအနားကနေ PDF တပ်ရင်းတွေအဖြစ် ပြောင်းလဲကာ ကွပ်ကဲမှုကို လက်ခံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုတာ၊ တပ်ရင်းတံဆိပ် ပြောင်းလဲတပ်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

NLA ခေါင်းဆောင် ကိုဇီးကွက် အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးကိုလည်း မတ်လ ၆ ရက်မှာ ဖမ်းဆီးခဲ့ပြီး မတ်လ ၁၅ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီးနောက် ၅ ရက်အကြာမှာ NUG လက်အောက်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

SRA ဘက်ကတော့ NLA ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ တပ်ပေါင်းစုနဲ့ NLA ကြား ပြေပြေလည်လည် ဆွေးနွေးပြီးနောက် နှုတ်ထွက်ခွင့် ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

NLA ဟာ ၂၀၂၁ ဩဂုတ် ၂၃ ရက်မှာ Myanmar Federal Army (MFA) အမည်နဲ့ စတင်တိုက်ပွဲဝင်ခဲ့ပြီး ၂၀၂၃ မတ်လ ၅ ရက်မှာ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ NUG လက်အောက် PDF တပ်ရင်းတွေအဖြစ် ဆက်လက် လှုပ်ရှားနေပါတယ်။

Related News

Most Read