၃ ဧပြီ ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီ မှောင်ခိုဈေးကွက် ပပျောက်ဖို့ဆိုကာ ဒီကနေ့ ဧပြီ ၃ ရက်ကစလို့ တက္ကစီယာဉ်တွေ၊ သုံးဘီးယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ်မှာသာ မူတည်ပြီး ရောင်းချပေးတော့မယ်လို့ အသိပေးထားပါတယ်။
ထုတ်ပြန်ချက်အရ ရက်သတ္တပတ်အတွင်း ၃ ကြိမ် စက်သုံးဆီ ထုတ်ယူခွင့် ပြုထားပေမယ့် ဒီအပေါ်မှာ မသမာတဲ့ နည်းလမ်းတွေ လုပ်ဆောင်ခဲ့တာကြောင့် အခုလို ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
တက္ကစီယာဉ်တွေ၊ သုံးဘီးယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ်မှာသာ မူတည်ပြီး ရောင်းချပေးတော့မယ်လို့ မနေ့က မတ်လ ၂ ရက်မှာ အသိပေးထားပေမယ့် မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးကို ဘယ်လိုနည်းနဲ့ စစ်ဆေးအတည်ပြုမလဲဆိုတာတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒီအပေါ်မှာ New Day Myanmar က သီးခြား အတည်ပြုနေဆဲဖြစ်ပါတယ်။
“ဒါက လုပ်သင့်တယ်လေ။ အားလုံး အခက်အခဲ ဖြစ်နေချိန်မှာ တန်းစီပြီး မမောင်းဘဲ မှောင်ခိုရောင်းကြတာလေ။ အခုလို ကန့်သတ်လိုက်တာ ကြိုဆိုရမှာပဲ။ တစ်ခါထည့်ရင် ၃၅ လီတာဗျာ၊ တစ်လီတာ အရင်းဈေး ငါးထောင်ပဲထား ၃၅ လီတာဆိုတော့ သူတို့အတွက် တစ်ပတ်မှာ ကားမမောင်းစားဘဲ တစ်ရက်ကို အုံနာကြေးနဲ့ အသေးသုံး ဖယ်လိုက်ရင် လေးငါးသောင်း ကျန်နေတာ” လို့ ဒီဖြစ်စဉ်ကို သိတဲ့ ရန်ကုန်နေ တက္ကစီယာဉ်မောင်းတစ်ဦးက New Day Myanmar ကို ပြောပြပါတယ်။
လတ်တလော တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စက်သုံးဆီဆိုင်ပေါင်း ၂,၉၄၃ ဆိုင်ရှိတဲ့အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်မှာ Bar Code/QR Code ကို Scan ဖတ်ပြီး ရောင်းချပေးတဲ့စနစ်နဲ့ ဆောင်ရွက်နိုင်ပြီဖြစ်သလို အခုရက်ပိုင်းကစလို့ ပုသိမ်မြို့၊ ရန်ကုန်-ပြည်-မကွေး လမ်းမကြီးတစ်လျှောက်က မြို့တွေမှာလည်း စတင်အသုံးပြုနိုင်တော့မယ်လို့ စစ်ကော်မရှင် ရဲ့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဓာတ်ပုံ – CJ


