၂၅ ဧပြီ ၂၀၂၆ | New Day Myanmar
ချင်းပြည်နယ်ရှိ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ဒီနေ့ ဧပြီ ၂၅ ရက်မှာ စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖလမ်းမြို့ကို ပြန်သိမ်းယူရာမှာ စစ်ကော်မရှင်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး လေကြောင်းပစ်ကူကို အများဆုံး အသုံးပြုကာ ခြောက်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက စစ်ကိုင်းတိုင်း ကလေးမြို့မှတဆင့် ကလေး-သိုင်းငင်း-တီးတိန်-ဖလမ်း လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်လာခဲ့သလို ကလေး-နတ်ချောင်း-ဝေဘူလ လမ်းကြောင်းမှလည်း အင်အားဖြည့်ကာ တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖလမ်းမြို့အနောက်ဘက် ၁၃ ကီလိုမီတာခန့်အကွာရှိ ဆူရ်ဘုန်လေယာဉ်ကွင်းကိုလည်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့ပြီး ယင်းလေယာဉ်ကွင်းသည် စစ်ရေးအရ အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း သိရပါတယ်။
လေယာဉ်ပြေးလမ်းအရှည် ၁,၈၃၀ မီတာရှိတဲ့ ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ATR-72 အမျိုးအစား လေယာဉ်တွေ ဆင်းသက်နိုင်တာကြောင့် လေကြောင်းမှ စစ်သည်၊ လက်နက်ခဲယမ်းများ ဖြည့်တင်းရာမှာ အသုံးပြုနိုင်မယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ထို့အပြင် ဖလမ်းမြို့ရှိ အမှတ် (၂၆၈) ခြေလျင်တပ်ရင်းကိုလည်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပြီး အခိုင်အမာ အထိုင်ချဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ယင်းအခြေအနေကြောင့် စစ်ကော်မရှင်တပ်အနေဖြင့် အင်အားဖြည့်တင်းပြီး အခြားမြို့နယ်များနှင့် အိန္ဒိယ-မြန်မာနယ်စပ်ဒေသများသို့ ဆက်လက်ထိုးစစ်ဆင်လာနိုင်ခြေရှိကြောင်း စောင့်ကြည့်နေကြရတယ်လို့ သိရပါတယ်။
ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကတော့ လေယာဉ်ကွင်းနှင့် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ခံရမှုသည် စစ်ရေးအရ အရေးကြီးသည့် အပြောင်းအလဲဖြစ်နိုင်ပြီး စုစည်းကာ ဆက်လက်ခုခံသွားမည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဖလမ်းမြို့နယ်ဟာ ချင်းပြည်နယ်အတွင်း ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်နှင့် နီးကပ်စွာတည်ရှိတာကြောင့် ကုန်သွယ်ရေးနှင့် စစ်ရေးအရ အရေးပါသောနေရာတစ်ခုဖြစ်ပါတယ်။


