Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ သွေးခွဲခြင်းသာဖြစ်ဟု NUCC သတိပေးထုတ်ပြန်

စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ သွေးခွဲခြင်းသာဖြစ်ဟု NUCC သတိပေးထုတ်ပြန်

၂၅ ဧပြီ ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို သပ်လျှိုသွေးခွဲဖို့ ကြိုးပမ်းတဲ့ အတုအယောင်သာဖြစ်တယ်လို့ National Unity Consultative Council (NUCC) က ဧပြီ ၂၅ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ စစ်အုပ်စုဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့နဲ့ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရဖို့ ငြိမ်းချမ်းရေးကို လက်နက်တစ်ရပ်လို အသုံးချနေခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က အကန့်အသတ်မရှိ ဆွေးနွေးနိုင်တယ်လို့ ပြောဆိုနေသော်လည်း ပျက်ပြယ်ပြီးသား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Nationwide Ceasefire Agreement (NCA) လမ်းကြောင်းကို အခြေခံထားတာကြောင့် စစ်အုပ်စုအလိုက် ခြယ်လှယ်နိုင်ရေးကိုသာ ရည်ရွယ်နေတယ်လို့ NUCC က ထောက်ပြပါတယ်။

စစ်အာဏာရှင်စနစ် အပြီးသတ်ဖျက်သိမ်းရေးအတွက် NUCC က ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်အတိုင်း ဆက်လက် လှုပ်ရှားသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ဦးတည်ချက်များမှာ—

စစ်တပ်၏ နိုင်ငံရေးဝင်ရောက်ပတ်သက်မှု အဆုံးသတ်ရေး၊

လက်နက်ကိုင်တပ်များအားလုံးကို အရပ်သားအစိုးရအောက် ထားရှိရေး၊

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊

ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး၊

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးတို့ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို Karen National Union နဲ့ Chin National Front အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်မခံဘဲ ပယ်ချထားပြီးဖြစ်ကြောင်း NUCC က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုတည်ရှိနေသရွေ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကနေ ပြည်သူ့လိုလားချက်တွေ မရရှိနိုင်ဘူးလို့လည်း NUCC က သတိပေးထားပါတယ်။

Related News

Most Read