၁၈ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။
ဦးဝင်းမြင့်ဟာ ပြည်သူတွေက ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ထားတဲ့ သမ္မတဖြစ်သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်တယ်လို့ NUCC က ပြောပါတယ်။
ယခု လွတ်မြောက်လာပြီး မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်တာကို ပြည်သူလူထုနဲ့အတူ ဝမ်းမြောက်ကြောင်း ဖော်ပြထားပြီး ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
NUCC က အာဏာရှင်စနစ်ပျောက်ကွယ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


