Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အပါအဝင် အချက် ၉ ချက် ကို ပြည်တွင်းနိုင်ငံရေးအင်အားစု PCB တောင်းဆို

ဒေါ်အောင်ဆန်းကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အပါအဝင် အချက် ၉ ချက် ကို ပြည်တွင်းနိုင်ငံရေးအင်အားစု PCB တောင်းဆို

၃၁ မတ် ၂၀၂၆ | New Day Myanmar

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ စစ်မှုထမ်းခိုင်းတာတွေ မပြုလုပ်ဖို့ အပါအဝင် နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အချက် (၉) ချက်ကို ပြည်တွင်းနိုင်ငံရေးအင်အားစု နိုင်ငံရေးညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB) က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

PCB ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပြီး လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို အာမခံပေးဖို့လည်း ထည့်သွင်းထားပါတယ်။

ဒါ့အပြင် လူငယ်တွေကို အတင်းအဓမ္မ တပ်သားစုဆောင်းတာနဲ့ စစ်မှုထမ်းခိုင်းတာတွေ လုံးဝမပြုလုပ်ဖို့၊ အရပ်သားတွေ ထိခိုက်နိုင်တဲ့ စစ်ရေးဆောင်ရွက်မှုတွေ မလုပ်ဖို့၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေကို တိုက်ခိုက်တာတွေ ရှောင်ရှားဖို့ကိုလည်း တောင်းဆိုထားပါတယ်။

CDM ဝန်ထမ်းတွေကို အရေးယူတာတွေ မလုပ်ဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ခွင့်တွေ မပိတ်ပင်ဖို့၊ စစ်ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

PCB က ပြည်ပရောက် အင်အားစုတွေကိုလည်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဖို့ကိုလည်း ဆက်လက် တောင်းဆိုထားပါတယ်။

ဒီလို နိုင်ငံရေးဆွေးနွေးမှုတွေ အောင်မြင်နိုင်ရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း PCB က ပြောပါတယ်။

PCB အစုအဖွဲ့ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနဲ့ ရခိုင်နိုင်ငံရေးသမား ဦးသာထွန်းလှတို့ ပါဝင်ဦးဆောင်ထားပါတယ်။

ဒီအဖွဲ့ဟာ မြန်မာပြည်တွင်းအခြေစိုက်ပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့နဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်လာစေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

PCB ကတော့ တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခြေခံလူ့အခွင့်အရေးတွေကို အာမခံပေးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကတစ်ဆင့်သာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး