၂၂ ဧပြီ ၂၀၂၆ | New Day Myanmar
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကို လွှတ်ပေးလိုက်တာကို သြစတြေးလျနိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားထိန်းသိမ်းခံထားရဆဲ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုထားပါတယ်။
သြစတြေးလျဘက်က အရပ်သားပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေမှုတွေ ရပ်တန့်ဖို့၊ လိုအပ်နေသူအားလုံးကို လူသားချင်းစာနာမှုအကူအညီတွေ လုံခြုံစွာနဲ့ အဟန့်အတားမရှိ လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအရေးအတွက် စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကို စတင်ဖို့ ကတိကဝတ်ပြုလုပ်ရန်လည်း ထပ်လောင်းတောင်းဆိုထားပါတယ်။
ယခုအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ အခရာကျတဲ့ အခန်းကဏ္ဍကို ထောက်ခံကြောင်း သြစတြေးလျဘက်က ထပ်မံအတည်ပြုထားပါတယ်။
သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း လူမှုစီးပွားရေးအခက်အခဲတွေ လျော့ပါးလာစေဖို့၊ အခြေအနေတိုးတက်လာစေဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တွေ ရှာဖွေရရှိနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးသွားဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။


