၂၈ ဧပြီ ၂၀၂၆ | New Day Myanmar
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆက်တိုက်တောင်းဆိုရပ်တည်ပေးနေတဲ့ နိုင်ငံတကာသံရုံးတွေနဲ့ အဖွဲ့အစည်းတွေကို သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဧပြီ ၂၇ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တဲ့ ၎င်းရဲ့အမြင်အရ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ထိန်းသိမ်းထားမှုအပေါ် နိုင်ငံတကာက ကန့်ကွက်ရပ်တည်ပေးနေမှုဟာ မြန်မာပြည်သူတွေအတွက် ခွန်အားနဲ့ မျှော်လင့်ချက်တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“အသံများ တိတ်ဆိတ်နေချိန်မှာ သင်တို့ရဲ့ အသံတွေဟာ ကျွန်တော်တို့အတွက် မျှော်လင့်ချက်ကို ပေးနေပါတယ်” လို့ ကိုထိန်လင်း က ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားပေးမှုတွေကို မလျှော့တမ်း ဆက်လက်လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းလည်း မီးမောင်းထိုးပြထားပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြား ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် တောင်းဆိုလျက်ရှိနေပါတယ်။


