၁၈ ဧပြီ ၂၀၂၆ | New Day Myanmar
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်လာနေမှုအပေါ်တော်တော်ပျော်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ ညဉ့်နက်ပိုင်းမှာ လူမှုကွန်ရက်ကနေ ပြောကြားပါတယ်။
လာမယ့်လမှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ တရုတ်ပြည်ခရီးစဉ်ဟာ ထူးခြားပြီး သမိုင်းဝင်မယ့် ခရီးစဉ်တစ်ခု ဖြစ်လာနိုင်တယ် လို့ ထရမ့်က ပြောပြီး ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေသလို အောင်မြင်မှုတွေ ရရှိမယ်လို့လည်း ဆိုပါတယ်။
တစ်ဖက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြာသပတေးနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနဲ့ ဖုန်းဖြင့် ဆွေးနွေးရာမှာ ဟော်မုဇ်ရေလက်ကြားမှာ ပုံမှန်သင်္ဘောသွားလာမှုတွေ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တညီတညွတ်တည်း တောင်းဆိုချက်ဖြစ်တယ်လို့ ပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ အသုံးပြုနေတဲ့ ရေနံတွေထဲမှာ အီရန်က တင်သွင်းလာတာ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး စုစုပေါင်း စွမ်းအင်ထောက်ပံ့မှုထဲက ထက်ဝက်ကျော်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာတာဖြစ်ပါတယ်။
မူလက ဧပြီအစောပိုင်းမှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ ထရမ့်ရဲ့ တရုတ်ခရီးစဉ်ဟာ အီရန်စစ်ပွဲကြောင့် မေလလယ်ကို ရွှေ့ဆိုင်းထားရပါတယ်။
အီရန်စစ်ပွဲ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအနေနဲ့ တီဟီရန်အစိုးရကို အဆင့်မြင့် ရေဒါစနစ်တွေ ထောက်ပံ့ပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက သုံးသပ်ထားကြောင်း CBS News ကို အမေရိကန်အရာရှိတွေက အတည်ပြုပြောကြားထားပါတယ်။
ပုံစာ – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ Gimhae အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံစဉ်။


