Homeပြည်တွင်းသတင်းမင်းအောင်လှိုင်က ရှီကျင့်ဖျင်ကို မြန်မာနိုင်ငံလာရောက်ဖို့ ဖိတ်ကြား

မင်းအောင်လှိုင်က ရှီကျင့်ဖျင်ကို မြန်မာနိုင်ငံလာရောက်ဖို့ ဖိတ်ကြား

၁၈ ဇွန် ၂၀၂၆ | New Day Myanmar

မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နှစ်ဖက်အဆင်ပြေမယ့်အချိန်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဇွန်လ ၁၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ တရုတ်-မြန်မာ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပူးတွဲကြေညာချက်အရ မင်းအောင်လှိုင်က မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုဧည့်ခံခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်နေတာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC၊ နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံမှုအပြီး နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ သဘာဝဘေးကူညီရေးနဲ့ မီဒီယာအပါအဝင် ကဏ္ဍအသီးသီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်ဟာ ရှီကျင့်ဖျင်အနေနဲ့ တရုတ်သမ္မတဖြစ်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ဖြစ်သလို တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားမှုကို ရှီကျင့်ဖျင်ဘက်က တရားဝင်လက်ခံထားခြင်း ရှိ၊ မရှိနဲ့ မြန်မာနိုင်ငံလာရောက်မယ့် အချိန်ကိုတော့ ထုတ်ပြန်ချက်မှာ အတိအကျ မဖော်ပြထားပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး