၁၈ ဇွန် ၂၀၂၆ | New Day Myanmar
စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ စာအုပ်တွေ ရေးသားခဲ့သူ အမျိုးသားစာပေဆုရ စာရေးဆရာ ဦးတင်ညွန့်နဲ့ သားငယ်ဖြစ်သူ ကိုနေထွန်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒီကနေ့ ဇွန်လ ၁၈ ရက်မှာ သူတို့နှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဦးတင်ညွန့်နဲ့ ကိုနေထွန်းတို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက် မနက် ၂ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် သူတို့နှစ်ဦးကို သန်လျင်မြို့နယ်တရားရုံးမှာ ရီမန်ယူခဲ့ပေမယ့် အမှုစတင်စစ်ဆေးချိန်ကတည်းက အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှာပဲ စစ်ဆေးခဲ့တာလို့ သိရပါတယ်။
အမှုကို ရုံးချိန်း ၄ ချိန်းအထိ စစ်ဆေးခဲ့ပြီးနောက် ၅ ချိန်းမြောက်ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ဟာ ဦးတင်ညွန့်ရေးသားခဲ့တဲ့ စာအုပ်ဟောင်းတွေကို TikTok လူမှုကွန်ရက်ကနေ ရောင်းချခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာကနေ စတင်ခဲ့တယ်လို့ စာပေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အဲဒီနောက် စာအုပ်ရေးသားသူ ဦးတင်ညွန့်နဲ့ စာအုပ်ထုတ်ဝေဖြန့်ချိမှုမှာ ပါဝင်ခဲ့တဲ့ သားငယ် ကိုနေထွန်းကိုပါ ဆက်လက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဦးတင်ညွန့်ဟာ “ခွေးထိန်းငတာ”၊ “ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်” နဲ့ “ဦးသန်းရွှေ၏ ယတြာများ” စတဲ့ စစ်အုပ်ချုပ်ရေးနဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ဝေဖန်ရေးသားထားတဲ့ စာအုပ်တွေကြောင့် လူသိများသူ ဖြစ်ပါတယ်။
သူဟာ နိုင်ငံရေး၊ ပညာရေး၊ သုတနဲ့ ရသစာပေ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူဖြစ်ပြီး “ကျောင်းဆရာမှတ်တမ်း” စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
စာအုပ်ရေးသားခြင်းနဲ့ ဖြန့်ချိရောင်းချခြင်းကြောင့် စာရေးဆရာနဲ့ သားဖြစ်သူကို ထောင်ဒဏ်ချမှတ်တာဟာ စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ထိခိုက်စေတဲ့ မတရားဖိနှိပ်မှုဖြစ်တယ်လို့ စာပေအသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။


