Homeပြည်တွင်းသတင်းလူမှုကွန်ရက်အသုံးပြုမှုတွေကို ၂၄ နာရီစောင့်ကြည့် ဖမ်းဆီးနေတယ်လို့ စစ်တပ် ပြည်ထဲရေးဝန်ကြီးဌာနပြော

လူမှုကွန်ရက်အသုံးပြုမှုတွေကို ၂၄ နာရီစောင့်ကြည့် ဖမ်းဆီးနေတယ်လို့ စစ်တပ် ပြည်ထဲရေးဝန်ကြီးဌာနပြော

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

အင်တာနက်နဲ့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းတု၊ သတင်းမှား ဖြန့်ဝေတာ၊ မဖွယ်မရာအကြောင်းအရာတွေ တင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနေတယ်လို့ စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြောပါတယ်။

ဇွန်လ ၁၈ ရက်က ကျင်းပတဲ့ စစ်အုပ်စုရဲ့တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၀ ရက်မြောက်နေ့မှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်သန်းသန်းအေးက လူမှုကွန်ရက်အသုံးပြုပြီး အကြမ်းဖက်မှုဖြစ်ပေါ်အောင် လှုံ့ဆော်သူတွေနဲ့ မမှန်သတင်းဖြန့်ဝေသူတွေကို ဖော်ထုတ်အရေးယူဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် မင်းသူကတော့ အွန်လိုင်းပေါ်က သတင်းတု၊ သတင်းမှား၊ မဖွယ်မရာအကြောင်းအရာတွေအပြင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုတွေကိုပါ ဥပဒေအရ တားမြစ်ထားပြီး ၂၄ နာရီ စောင့်ကြည့်ကာ အရေးယူနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

လူမှုကွန်ရက်အသုံးပြုပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေနဲ့ မမှန်သတင်း ဖြန့်ဝေသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ပုဒ်မ ၅၂ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့အရ အရေးယူနေတယ်လို့လည်း ဆိုပါတယ်။

Myanmar Internet Project (MIP) ရဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကနေ ဧပြီလအထိ ဒစ်ဂျစ်တယ်ဖိနှိပ်မှုအစီရင်ခံစာမှာ စစ်အုပ်စုဟာ အွန်လိုင်းစောင့်ကြည့်မှု၊ အသုံးပြုသူအချက်အလက် ရယူမှုနဲ့ ဒစ်ဂျစ်တယ်ခြေရာတွေကို ချိတ်ဆက်စစ်ဆေးနိုင်မယ့် ဥပဒေနဲ့ နည်းပညာစနစ်တွေကို ဆက်လက်တိုးချဲ့နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ စောင့်ကြည့်မှုဟာ လူမှုကွန်ရက်ပေါ်က ပို့စ်နဲ့ မှတ်ချက်တွေကို စစ်ဆေးရုံနဲ့ မပြီးတော့ဘဲ SIM Card၊ ဖုန်း IMEI နံပါတ်၊ ဘဏ်အကောင့်၊ UID၊ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားမှတ်တမ်းတွေကိုပါ ဆက်စပ်စစ်ဆေးနိုင်တဲ့ အခြေအနေဆီ ရောက်ရှိလာတယ်လို့ MIP က ထောက်ပြထားပါတယ်။

MIP ရဲ့ အစီရင်ခံစာအရ ဖုန်း IMEI နံပါတ်တွေကို SIM Card မှတ်ပုံတင်အချက်အလက်တွေနဲ့ ချိတ်ဆက်တာ၊ PSMS စနစ်ကနေ လူပုဂ္ဂိုလ်တွေကို စစ်ဆေးတာနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေဆီက ဖုန်းအသုံးပြုသူတွေရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူတာတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်အုပ်စုကို ဝေဖန်သူတွေရဲ့ ဘဏ်အကောင့်နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို စောင့်ကြည့်တာ၊ အကောင့်ပိတ်သိမ်းတာနဲ့ PSMS စနစ်ကနေ ဆက်လက်စစ်ဆေးတာတွေလည်း ရှိတယ်လို့ MIP က ဆိုပါတယ်။

MIP ရဲ့ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ အွန်လိုင်းလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၁၉၇ ဦးရှိခဲ့ပြီး အဲဒီအထဲမှာ အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၅၉ ဦးနဲ့ ကျား၊ မ အချက်အလက်မသိရသူ ၁၁ ဦး ပါဝင်ပါတယ်။

Data for Myanmar ရဲ့ မှတ်တမ်းအရလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ လူမှုကွန်ရက်ပေါ်မှာ ရေးသားတာ၊ မျှဝေတာနဲ့ တုံ့ပြန်တာတွေကြောင့် လူပေါင်း ၁,၉၉၃ ဦး ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ MIP က ကိုးကားဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ပြဋ္ဌာန်းခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမှာ VPN ဝန်ဆောင်မှုတွေကို ကန့်သတ်တာ၊ အွန်လိုင်းအကြောင်းအရာတွေ ဖယ်ရှားဖို့ အမိန့်ပေးနိုင်တာနဲ့ အသုံးပြုသူအချက်အလက်တွေကို အာဏာပိုင်တွေဆီ ပေးအပ်စေနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

Freedom House ရဲ့ Freedom on the Net 2025 အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အင်တာနက်လွတ်လပ်ခွင့် အမှတ် ၁၀၀ အနက် ၉ မှတ်သာ ပေးထားပြီး တရုတ်နိုင်ငံနဲ့အတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ သတ်မှတ်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး