၂၉ မေ ၂၀၂၆ | New Day Myanmar
ဟော်မုဇ်ရေလက်ကြားကို အီရန်နဲ့ ပူးပေါင်းထိန်းချုပ်ဖို့ အိုမန်နိုင်ငံက ဆောင်ရွက်လာမယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းထန်တဲ့ သတိပေးပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ ပြောဆိုမှုဟာ နှစ်ပေါင်းများစွာ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိုမန်အပေါ် လူသိရှင်ကြား ထွက်ပေါ်လာတဲ့ ရှားပါးတဲ့ တင်းမာမှုတစ်ခုအဖြစ် သုံးသပ်ခံနေရပါတယ်။
အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်တာကြောင့် ဘယ်နိုင်ငံကမှ သီးသန့်ထိန်းချုပ်ခွင့် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
“ဒါဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်ပါတယ်။ အိုမန်အနေနဲ့ တခြားနိုင်ငံတွေလို စည်းကမ်းတကျ လိုက်နာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ စစ်ရေးအရ တုံ့ပြန်ရလိမ့်မယ်” လို့ ထရမ့်က ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထရမ့်ရဲ့ အဲဒီပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အစပိုင်းမှာ အီရန်ကို ရည်ညွှန်းပြောဆိုရာက စကားမှားသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာနက အိုမန်ကို ရည်ညွှန်းထားတဲ့ စာသားမှတ်တမ်းကို မျှဝေခဲ့တာကြောင့် ပိုမိုအာရုံစိုက်ခံလာရပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှု အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြတ်သန်းရာ နေရာလည်း ဖြစ်ပါတယ်။
အီရန်နဲ့ အိုမန်တို့ဟာ ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထရမ့်ရဲ့ ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ ဝေဖန်သူတချို့ကတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအပေါ် စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုမှုတွေဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ အခြေခံမူတွေနဲ့ ဆန့်ကျင်နိုင်တယ်လို့ ထောက်ပြနေကြပါတယ်။
တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အစ္စမေးလ် ဘာဂါအီက အိုမန်နိုင်ငံနဲ့အတူ ရပ်တည်သွားမယ်လို့ ပြောဆိုထားပြီး ဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
လတ်တလောမှာ ဟော်မုဇ်ရေလက်ကြားအနီး စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး ဒေသတွင်း သင်္ဘောသွားလာမှုနဲ့ ရေနံဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။


