၂၆ ဇွန် ၂၀၂၆ | New Day Myanmar
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ သင်္ဘောတွေဆီ တိုက်ခိုက်ရေးဒရုန်းတွေ လွှတ်တင်ပြီး အမေရိကန်နဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေထဲမှာ ဇွန်လ ၂၅ ရက်က အိုမန်နိုင်ငံကမ်းလွန်မှာ ဒရုန်းတစ်စင်း ထိမှန်ခဲ့တဲ့ ကုန်တင်သင်္ဘောတစ်စီးလည်း ပါဝင်တယ်လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ သင်္ဘောတွေဆီ တစ်လမ်းသွား တိုက်ခိုက်ရေးဒရုန်း အနည်းဆုံး လေးစင်း ပစ်လွှတ်ခဲ့ပါတယ်” လို့ ထရမ့်က ဆိုပါတယ်။
ဒရုန်းတစ်စင်းဟာ ကုန်တင်သင်္ဘောရဲ့ အပေါ်ကုန်းပတ်ကို ထိမှန်ခဲ့ပြီး ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ပေမယ့် သင်္ဘောက ခရီးဆက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
တခြားဒရုန်းသုံးစင်းကို အမေရိကန်တပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ထရမ့်က အခိုင်အမာပြောဆိုပြီး ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန်တာဝန်ရှိသူနှစ်ဦးကလည်း အဲဒီကုန်တင်သင်္ဘောကို အီရန်ဘက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Reuters ကို ပြောထားပါတယ်။ ဒါပေမဲ့ အီရန်ဘက်က ထရမ့်ရဲ့ စွပ်စွဲချက်ကို တရားဝင်တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။
ဗြိတိန်ရေတပ်ရဲ့ ရေကြောင်းကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့ UKMTO ရဲ့ ထုတ်ပြန်ချက်အရ သင်္ဘောဟာ အိုမန်နိုင်ငံ ဒါဟစ်ဆိပ်ကမ်းရဲ့ အရှေ့တောင်ဘက် ရေမိုင် ၇ ဒသမ ၅ မိုင်ခန့်အကွာမှာ သင်္ဘောညာဘက်ခြမ်းကို ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ သင်္ဘောတွေနဲ့ သင်္ဘောသားတွေကို ကယ်ထုတ်ပေးနေတဲ့ အစီအစဉ်ကို ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်း (IMO) က ယာယီရပ်ဆိုင်းလိုက်ပါတယ်။
IMO အတွင်းရေးမှူးချုပ် အာဆီနီယို ဒိုမင်ဂွက်ဇ်က ကယ်ဆယ်ရွှေ့ပြောင်းရေးစာရင်းထဲမှာ ပါဝင်တဲ့ သင်္ဘောတွေနဲ့ ဒေသတွင်းရှိ သင်္ဘောအားလုံးအတွက် လိုအပ်တဲ့ လုံခြုံရေးအာမခံချက်တွေ ဆက်လက်တည်ရှိနေသေးတာကို ပြန်လည်အတည်ပြုနိုင်ဖို့ အစီအစဉ်ကို ယာယီရပ်ဆိုင်းတာဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ကုန်တင်သင်္ဘောဟာ IMO ရဲ့ တရားဝင်ကယ်ဆယ်ရွှေ့ပြောင်းရေးအစီအစဉ်ထဲမှာ ပါဝင်တဲ့သင်္ဘော မဟုတ်ဘူးလို့ သိရပါတယ်။
IMO ဟာ ဇွန်လ ၂၃ ရက်ကစပြီး အီရန်၊ အိုမန်၊ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းကာ ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ သင်္ဘောရာနဲ့ချီနဲ့ သင်္ဘောသား ၁၁,၀၀၀ ခန့်ကို ကယ်ထုတ်ဖို့ အစီအစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက် မနက်ပိုင်းအထိ သင်္ဘော ၅၇ စီးခန့်နဲ့ သင်္ဘောသား ၁,၁၀၀ ခန့်ဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကတစ်ဆင့် ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု လုံခြုံရေးနဲ့ အမေရိကန်–အီရန် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဆက်လက်တည်တံ့နိုင်ရေးအပေါ် စိုးရိမ်မှုတွေ ပြန်လည်မြင့်တက်လာပါတယ်။


