Homeပြည်တွင်းသတင်းအမျိုးသမီးနှစ်ဦးကို မြန်မာနိုင်ငံက ကျားဖြန့်တွေဆီ လိမ်လည်ရောင်းစားခဲ့တဲ့ ဟောင်ကောင်အလှပြင်ဆရာမ ဖမ်းဆီးခံရ

အမျိုးသမီးနှစ်ဦးကို မြန်မာနိုင်ငံက ကျားဖြန့်တွေဆီ လိမ်လည်ရောင်းစားခဲ့တဲ့ ဟောင်ကောင်အလှပြင်ဆရာမ ဖမ်းဆီးခံရ

၂၇ ဇွန် ၂၀၂၆ | New Day Myanmar

အမျိုးသမီးနှစ်ဦးကို ထိုင်းနိုင်ငံသို့ လိမ်လည်ခေါ်ဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ လည်ပတ်နေတဲ့ ကျားဖြန့်စခန်းတစ်ခုဆီ ရောက်ရှိအောင် ပို့ဆောင်ခဲ့ကြောင်း ဟောင်ကောင်သူ အလှပြင်ဆရာမတစ်ဦးက တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် Poon Sum-yi ဟာ အမျိုးသမီးနှစ်ဦးကို ထိုင်းနိုင်ငံသို့ သွားရောက်အောင် လိမ်လည်ခဲ့တဲ့ လိမ်လည်မှုတစ်မှုအတွက် ဟောင်ကောင်ခရိုင်တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

တရားရုံးမှတ်တမ်းတွေအရ Poon ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ Peng Xinying နဲ့ အချိန်ပိုင်းမော်ဒယ် Liu Bingbing တို့ကို သူမနဲ့အတူ ဂျပန် ဒါမှမဟုတ် ကနေဒါနိုင်ငံကို ခရီးသွားဖို့ အစပိုင်းမှာ ဖိတ်ကြားခဲ့ပါတယ်။

ခရီးစရိတ်နဲ့ တည်းခိုစရိတ်အားလုံး ကျခံပေးမယ်လို့ ပြောခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ထိုင်းဘတ်ငွေ ၄၈ သန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းခန့်ကို သယ်ဆောင်ပေးရင် ဆုကြေးငွေအများအပြား ရရှိမယ်လို့ Poon က ကတိပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ ထိုင်းနိုင်ငံသို့ ထွက်ခွာမယ့် လေယာဉ်လက်မှတ်တွေ ဝယ်ယူထားပြီး နောက်တစ်နေ့ညမှာ ဟောင်ကောင်ကို ပြန်လာရမယ်လို့လည်း အမျိုးသမီးနှစ်ဦးကို ပြောခဲ့ပါတယ်။

လေယာဉ်မထွက်ခွာမီ သုံးနာရီမပြည့်ခင်မှာ Poon ဟာ မုံကော့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ Peng နဲ့ တွေ့ဆုံပြီး သူတို့အချင်းချင်း ပေးပို့ထားတဲ့ စာတိုတွေကို Peng ရဲ့ ဖုန်းထဲကနေ ဖျက်ပစ်ခဲ့တယ်လို့ တရားရုံးမှာ ကြားနာခဲ့ပါတယ်။

Peng နဲ့ Liu တို့ဟာ အဲဒီနေ့ည ဘန်ကောက်မြို့ကို ရောက်ရှိပြီးနောက် ဟိုတယ်ကို ပို့ဆောင်ပေးမယ်လို့ ယူဆရတဲ့ အဖြူရောင်ကားတစ်စီးပေါ် တက်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့မနက်မှာတော့ သူတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ဘက်ကို ပို့ဆောင်ခံနေရတာကို သိရှိခဲ့ကြပါတယ်။ နောက်လေယာဉ်တစ်စီးနဲ့ လိုက်လာမယ်လို့ ပြောထားတဲ့ Poon ကတော့ ထိုင်းနိုင်ငံကို လုံးဝလိုက်မလာခဲ့ပါဘူး။

အမျိုးသမီးနှစ်ဦးကို ထိုင်း–မြန်မာနယ်စပ်ဆီ ပို့ဆောင်ပြီးနောက် လက်နက်ကိုင်အမျိုးသားတွေက သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းယူကာ မြစ်တစ်စင်းကို ဖြတ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။

မြန်မာဘက်ခြမ်းရောက်ချိန်မှာ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အမျိုးသားတွေက သူတို့ကို ကားပေါ်အတင်းတင်ပြီး မြန်မာနိုင်ငံကို ရောင်းစားခံလိုက်ရပြီ လို့ ပြောခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။

အမျိုးသမီးနှစ်ဦးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅၄,၀၀၀ နဲ့ မြန်မာနိုင်ငံရှိ အမည်မဖော်ပြထားတဲ့ ကျားဖြန့်စခန်းတစ်ခုဆီ ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

ကျားဖြန့်စခန်းမှာ “ယုန်ခေါင်းဆောင်” လို့ အမည်ပြောင်ခေါ်တဲ့ တရုတ်နိုင်ငံသားတစ်ဦးက သူတို့ကို လွတ်မြောက်လိုရင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးရမယ်၊ ဒါမှမဟုတ် ပြည်ပမှာနေထိုင်တဲ့ ချမ်းသာတဲ့ တရုတ်နိုင်ငံသားတွေဆီက အလားတူငွေပမာဏကို လိမ်လည်ရှာဖွေပေးရမယ်လို့ ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ တစ်ဦးကို အမေရိကန်ဒေါ်လာ ၂၈,၀၀၀ စီပေးရင် ပြန်လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး အမျိုးသမီးနှစ်ဦးကို မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ပေးခဲ့ပါတယ်။

သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေက ဟောင်ကောင်ဒေါ်လာ ၅၈၅,၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၇၄,၆၁၀ ခန့်ကို စုစုပေါင်းပေးခဲ့ရတယ်လို့ တရားရုံးက ကြားနာခဲ့ပါတယ်။

Peng နဲ့ Liu တို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး သုံးရက်အကြာမှာ ဟောင်ကောင်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့က Poon ကို ဇန်နဝါရီလ ၁၃ ရက်မှာ ဖမ်းဆီးခဲ့ပြီး သူမဟာ တရားစွဲဆိုခံရချိန်ကစပြီး အာမခံမရဘဲ ထိန်းသိမ်းခံထားရပါတယ်။

တရားသူကြီး Adriana Noelle Tse Ching က အလားတူအမှုတစ်ခုနဲ့ပတ်သက်တဲ့ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ Poon ကို ပြစ်ဒဏ်ချမှတ်မယ့်ရက်ကို စက်တင်ဘာလ ၂၉ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။

လိမ်လည်မှုအတွက် ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပေမယ့် ခရိုင်တရားရုံးရဲ့ စီရင်ပိုင်ခွင့်အရ Poon ကို အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ပုံစာ- ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံ မြ၀တီမြို့ ဝန်းကျင်ရှိ ကျားဖြန့်ရုံများတွင်ဖမ်းဆီးခံရသူများ

ဓါတ်ပုံ – AP

ဆက်စပ် သတင်းများ

Most Read