Homeပြည်တွင်းသတင်းစင်ကာပူမှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတဲ့ အိန္ဒိယလူငယ်နှစ်ဦး မြန်မာကျားဖြန့်ဂိုဏ်းထဲရောက်၊ ပြန်လွှတ်ဖို့ တဦးကို ရူပီး ၁၅ သိန်းတောင်း

စင်ကာပူမှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတဲ့ အိန္ဒိယလူငယ်နှစ်ဦး မြန်မာကျားဖြန့်ဂိုဏ်းထဲရောက်၊ ပြန်လွှတ်ဖို့ တဦးကို ရူပီး ၁၅ သိန်းတောင်း

၂၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

စင်ကာပူနိုင်ငံမှာ အလုပ်ရမယ်ဆိုတဲ့ လူမှုကွန်ရက်ကြော်ငြာကို ယုံကြည်ပြီး လိုက်ပါသွားခဲ့တဲ့ အိန္ဒိယလူငယ်နှစ်ဦးဟာ ကမ္ဘောဒီးယားကတဆင့် မြန်မာနိုင်ငံထဲကို လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေခံနေရတယ်လို့ မိသားစုဝင်တွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ပြည်နယ်က စိုင်ဘာဘာနဲ့ ပူရ်နာ ဗန်ကာတာ ခရစ်ရှ်နာတို့ဟာ လူမှုကွန်ရက်ပေါ်က နိုင်ငံခြားအလုပ်ကြော်ငြာကိုတွေ့ပြီး လျှောက်ထားခဲ့ကြတာပါ။ စင်ကာပူမှာ အလုပ်ရပြီလို့ အကြောင်းကြားခံရတာကြောင့် ဧပြီ ၂ ရက်မှာ ဗီဂျာယာဝါဒါမြို့ကနေ ထွက်ခွာခဲ့ကြပါတယ်။

ဒါပေမဲ့ အလုပ်ရှာဖွေရေးအေးဂျင့်တွေက သူတို့ကို စင်ကာပူအစား ကမ္ဘောဒီးယားနိုင်ငံဆီ ခေါ်ဆောင်သွားခဲ့ပြီး နှစ်လနီးပါးအကြာမှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတင်းအကျပ်ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူတို့ကို ကမ္ဘောဒီးယားကနေ မြန်မာနိုင်ငံထဲ ထပ်မံပြောင်းရွှေ့ခဲ့တာပါ။

ဒုက္ခသည်တဦးက သူငယ်ချင်းတဦးဆီ ဖုန်းဆက်နိုင်ခဲ့ပြီး အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ ပြည်ပရောက်တေလူဂူလူမျိုးများအဖွဲ့ APNRT ကိုယ်စားလှယ်တွေနဲ့ အွန်လိုင်းအစည်းအဝေးတခု ပြုလုပ်နိုင်ခဲ့ပါတယ်။

သူတို့ရဲ့ပြောဆိုချက်အရ ကျားဖြန့်ဂိုဏ်းက နိုင်ငံကူးလက်မှတ်နဲ့ ကိုယ်ရေးအထောက်အထားတွေကို သိမ်းယူထားပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ဖို့ ငြင်းဆန်သူတွေကို ရိုက်နှက်တာ၊ လျှပ်စစ်နဲ့ရှော့ခ်တိုက်တာ၊ အမှောင်ခန်းထဲ ပိတ်လှောင်တာနဲ့ အစားအစာမပေးဘဲထားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတယ်လို့လည်း သူတို့က စွပ်စွဲထားပါတယ်။

လူတချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ပူရ်နာ ဗန်ကာတာ ခရစ်ရှ်နာအပါအဝင် လူ ၁၈ ဦးကို ဂိုဏ်းက ဖမ်းဆီးခေါ်ဆောင်ထားပြီး ပြန်လွှတ်ပေးဖို့ တဦးကို အိန္ဒိယရူပီး ၁၅ သိန်း တောင်းခံနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

သူတို့ရဲ့မိတ်ဆွေတွေက ဇူလိုင် ၁၇ ရက်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဆီ အွန်လိုင်းကနေ တိုင်ကြားခဲ့ပြီး ဇူလိုင် ၂၂ ရက်မှာ APNRT ဆီ ထပ်မံတိုင်ကြားခဲ့ပါတယ်။ APNRT က လူငယ်တွေ ဘေးကင်းစွာ အိန္ဒိယနိုင်ငံပြန်ရောက်လာရေး ဆောင်ရွက်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

စိုင်ဘာဘာရဲ့ဖခင်နဲ့ အစ်မ၊ ပူရ်နာရဲ့အစ်ကိုတို့ကလည်း ဇူလိုင် ၂၅ ရက်ညမှာ တာဒေပယ်လီရဲစခန်းကို သွားရောက်ပြီး ဖြစ်စဉ်အသေးစိတ်ပေးအပ်ကာ လူငယ်နှစ်ဦးကို အမြန်ဆုံးကယ်တင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်ဝင်းတွေထဲမှာ စိုင်ဘာဘာနဲ့ ပူရ်နာတို့ လက်ရှိရှိနေတဲ့ နေရာအတိအကျကို သတင်းမှာ ဖော်ပြမထားသလို သူတို့ရဲ့စွပ်စွဲချက်တွေကို လွတ်လပ်တဲ့ဘက်က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အန်ဒရာပရာဒေ့ရှ်ပြည်နယ်က လူငယ် ၁၂၀ ကျော်ကိုလည်း မြန်မာနိုင်ငံ မြဝတီဒေသက KK Park အပါအဝင် ကျားဖြန့်ဝင်းတွေကနေ ၂၀၂၆ ခုနှစ်အစောပိုင်းမှာ ကယ်တင်ပြီး အိန္ဒိယနိုင်ငံ ပြန်လည်ပို့ဆောင်ခဲ့ရပါတယ်။

ပုံစာ – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံအရှေ့ပိုင်း မြဝတီခရိုင်တွင် ကယ်တင်ခံခဲ့ရပြီးနောက်၊ လူကုန်ကူးခံရကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင်ရန် ဖိအားပေးခံထားရသည်ဟု ယူဆရသည့် တရုတ်နိုင်ငံသားများ။

Related News

Most Read