Homeပြည်တွင်းသတင်းလေဖိအားနည်းရပ်ဝန်း အားကောင်းလာနိုင်၊ ဩဂုတ် ၃ ရက်အထိ ဒေသအများစု မိုးကြီးပြီး ရေကြီးမြေပြိုနိုင်

လေဖိအားနည်းရပ်ဝန်း အားကောင်းလာနိုင်၊ ဩဂုတ် ၃ ရက်အထိ ဒေသအများစု မိုးကြီးပြီး ရေကြီးမြေပြိုနိုင်

၂၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက်နှစ်ရက်အတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးပါတယ်။

ဇူလိုင် ၂၆ ရက် မနက်ပိုင်းကနေ ဩဂုတ် ၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာတာ၊ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်တို့ကြောင့် မြန်မာနိုင်ငံဒေသအများစုမှာ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးကြီးနိုင်တဲ့ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ ဖြစ်ပါတယ်။

ဒီဒေသတွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

ဒါကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေက မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေက ရုတ်တရက်ရေကြီးတာ၊ ရေလျှံတာတွေကို ကြိုတင်သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းတွေနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်၊ ကမ်းလွန်ပင်လယ်ပြင်မှာ သွားလာနေတဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေလည်း ရာသီဥတုအခြေအနေကို အထူးသတိထားကြဖို့ အသိပေးထားပါတယ်။

Related News

Most Read