Homeပြည်တွင်းသတင်းဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် တစ်နိုင်ငံလုံး မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် တစ်နိုင်ငံလုံး မိုးကြီးနိုင်

၁၄ မေ ၂၀၂၆ | New Day Myanmar

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မေလ ၁၇ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOH ADM) က သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစပြီး ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်အထိ ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ မေလ ၁၃ ရက် ထုတ်ပြန်ချက်အရ အဆိုပါစနစ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ မရောက်သေးပေမယ့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်မှုအန္တရာယ်တွေကို အထူးသတိပြုဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

လက်ရှိခန့်မှန်းချက်တွေအရ မေလ ၁၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ပြီး ကချင်၊ ရခိုင်၊ မွန်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုကြီးနိုင်တာကြောင့် အထူးသတိပြုဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် မေလ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးပိုမိုသည်းထန်လာနိုင်သလို လှိုင်းကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ရေကြောင်းခရီးသွားလာသူတွေနဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေ အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။

လတ်တလောမှာလည်း ဒေသအချို့မှာ ပုံမှန်ထက် မိုးပိုမိုများပြားနေပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ပေါက်ချောင်းအတွင်း ကားမျောပါခဲ့ပြီး လူထုအသက်အန္တရာယ် စိုးရိမ်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးတာကြောင့် အခုရက်ပိုင်းအတွင်း ချောင်းရေလျှံတာ၊ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကို အထူးဂရုပြုကြဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး