Homeအထူးသတင်းထိုင်းတောင်ပိုင်း နယ်စပ်ပြည်နယ် ၃ ခုမှာ တစ်ပြိုင်နက် တိုက်ခိုက်မှုတွေဖြစ်၊ မီးရှို့၊ ဗုံးဖောက်နဲ့ လက်နက်ကိုင်လုယက်မှုပါရှိ

ထိုင်းတောင်ပိုင်း နယ်စပ်ပြည်နယ် ၃ ခုမှာ တစ်ပြိုင်နက် တိုက်ခိုက်မှုတွေဖြစ်၊ မီးရှို့၊ ဗုံးဖောက်နဲ့ လက်နက်ကိုင်လုယက်မှုပါရှိ

ဩဂုတ် ၂၂၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံတောင်ပိုင်းက ယာလာ၊ ပတ္တနီနဲ့ နရာသီဝတ် နယ်စပ်ပြည်နယ် ၃ ခုမှာ ဒီနေ့ ဩဂုတ် ၂၂ ရက် ညပိုင်းက နေရာအများအပြားမှာ မီးရှို့တာ၊ ပေါက်ကွဲမှုတွေ၊ တာယာမီးရှို့တာနဲ့ လက်နက်ကိုင်လုယက်တာတွေ တစ်ပြိုင်နက် ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်တွေဟာ ည ၈ နာရီဝန်းကျင်ကစပြီး ပြည်နယ်သုံးခုမှာ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အခင်းဖြစ်နေရာတွေကို ပိတ်ဆို့စစ်ဆေးကာ သက်သေအထောက်အထားတွေ စုဆောင်းနေပါတယ်။ ဒီသတင်းရေးသားချိန်အထိ သေဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရသူရှိတယ်ဆိုတဲ့ တရားဝင်စာရင်း မထုတ်ပြန်သေးပါဘူး။

ယာလာပြည်နယ် သန်တိုမြို့နယ်မှာ တိုက်ခိုက်သူတွေက Ban Rae Subdistrict Administrative Organization ရုံးဝင်းထဲက အစိုးရယာဉ်တွေကို မီးရှို့ခဲ့သလို Si Tha Nam ကျေးရွာက ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ နေရာတချို့မှာ တာယာတွေ မီးရှို့ခဲ့ပြီး Route 418 လမ်းမဘေးက ကြော်ငြာဆိုင်းဘုတ်တစ်ခုလည်း မီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် Bangchak စက်သုံးဆီဆိုင်အနီး လမ်းပေါ်မှာ သံချွန်တွေ ဖြန့်ကြဲထားတာ တွေ့ရှိခဲ့ပြီး Lam Mai ဒေသက လမ်းကွေ့တစ်နေရာမှာလည်း မသင်္ကာဖွယ်ပစ္စည်းတစ်ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နရာသီဝတ်ပြည်နယ် Cho Airong မြို့နယ်မှာတော့ နေရာနှစ်ခုမှာ တာယာတွေ မီးရှို့ခဲ့သလို CCTV ကင်မရာတချို့ကို အပေါ်ဘက် မျက်နှာမူအောင် လှည့်ထားခဲ့တယ်လို့ သိရပါတယ်။ Chuap ဒေသက DTAC ဆက်သွယ်ရေးတာဝါတိုင်အနီးမှာ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားပြီးနောက် နောက်ထပ်ပေါက်ကွဲသံတစ်ကြိမ် ကြားခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပတ္တနီပြည်နယ်မှာတော့ Bang Pu လမ်းဆုံအနီး သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မသင်္ကာဖွယ်ပစ္စည်းတစ်ခုကိုလည်း ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က Bang Pu ဒေသက 7-Eleven စတိုးဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ခဲ့ပြီး Highway 42၊ Yaring ဆေးရုံ U-turn အနီးမှာ တာယာတွေ မီးရှို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Internal Security Operations Command Region 4 Forward Command က ဒေသခံတွေကို သတိထားနေထိုင်ဖို့၊ တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာတွေကို မသွားဖို့နဲ့ မသင်္ကာဖွယ် လူ၊ ယာဉ် ဒါမှမဟုတ် ပစ္စည်းတွေ တွေ့ရှိရင် မကိုင်တွယ်ဘဲ အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့ သတိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ထိုင်းအစိုးရက တောင်ပိုင်းပဋိပက္ခကို ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံအသစ် ရှာဖွေနေတယ်လို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ ဖြစ်ပွားလာတာပါ။ ထိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် သနတ် ဆုဝဏ္ဏနန္ဒာက BRN အပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးမကျေနပ်ချက်၊ ဒေသအုပ်ချုပ်ရေးပုံစံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို အကြောင်းအရာတွေကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးဖို့ စဉ်းစားနေတယ်လို့ Reuters ကို ပြောထားပါတယ်။

ထိုင်းတောင်ပိုင်း ပတ္တနီ၊ ယာလာနဲ့ နရာသီဝတ်ပြည်နယ်တွေမှာ ၂၀၀၄ ခုနှစ်ကစပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး လူ ၇,၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။ BRN ဟာ ဒီဒေသမှာ အဓိကလက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့တစ်ခုအဖြစ် လှုပ်ရှားနေပြီး ထိုင်းအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို မလေးရှားက ကြားဝင်ကူညီပေးနေတာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဒီနေ့ ညပိုင်း တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက ဒီသတင်းရေးသားချိန်အထိ တရားဝင် ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

Related News

Most Read