ဩဂုတ် ၂၂၊ ၂၀၂၆ | New Day Myanmar
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ လာမယ့်လမှာ တွေ့ဆုံဖို့ မျှော်လင့်ထားချိန် အမေရိကန်ရေတပ်ရဲ့ P-8A Poseidon ပင်လယ်ပြင်ကင်းထောက်နဲ့ ထောက်လှမ်းရေးလေယာဉ်တစ်စင်းက ထိုင်ဝမ်ရေလက်ကြားပေါ် နိုင်ငံတကာလေပိုင်နက်ကနေ ဖြတ်သန်းပျံသန်းခဲ့ပါတယ်။
အမေရိကန်ရေတပ် အမှတ် (၇) ရေတပ်ဖွဲ့ (U.S. 7th Fleet) အဆိုအရ လေယာဉ်ဟာ ဩဂုတ် ၂၁ ရက်မှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့တာဖြစ်ပြီး ဒီလုပ်ဆောင်မှုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က နိုင်ငံတကာဥပဒေနဲ့အညီ ထိုင်ဝမ်ရေလက်ကြားမှာ လှုပ်ရှားတာဟာ နိုင်ငံအားလုံးရဲ့ ရေကြောင်းနဲ့ လေကြောင်း သွားလာခွင့်ကို ထိန်းသိမ်းတာဖြစ်ပြီး “နိုင်ငံတကာဥပဒေက ခွင့်ပြုတဲ့ ဘယ်နေရာမှာမဆို အမေရိကန်စစ်တပ်က ပျံသန်း၊ ရွက်လွှင့်ပြီး လှုပ်ရှားသွားမယ်” လို့ ပြောပါတယ်။
တရုတ်စစ်တပ်ကတော့ P-8A လေယာဉ် ဖြတ်သန်းချိန်တလျှောက် ခြေရာခံစောင့်ကြည့်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်တယ်လို့ တရုတ်အစိုးရပိုင် Global Times ကို ကိုးကားပြီး Reuters က ဖော်ပြပါတယ်။
ထိုင်ဝမ်ရေလက်ကြားဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ပြည်မကြီးကို ခွဲခြားထားတဲ့ ရေလမ်းကြောင်းဖြစ်ပါတယ်။ တရုတ်က ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ရေလက်ကြားအပေါ်မှာလည်း တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံပိုင်ခွင့်ရှိတယ်လို့ ပြောထားပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်ဘက်ကတော့ ထိုင်ဝမ်ရေလက်ကြားရဲ့ အစိတ်အပိုင်းတွေဟာ နိုင်ငံတကာရေကြောင်းနဲ့ လေပိုင်နက်အဖြစ် သက်ဆိုင်တဲ့ နိုင်ငံတကာဥပဒေအောက်မှာ ရှိတယ်လို့ ရပ်တည်ထားပါတယ်။
အမေရိကန်စစ်သင်္ဘော ဒါမှမဟုတ် စစ်လေယာဉ်တွေဟာ လအနည်းငယ်ခြားတစ်ကြိမ်လောက် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလေ့ရှိပြီး ဒီလိုလှုပ်ရှားမှုတိုင်းနီးပါးကို တရုတ်ဘက်က ကန့်ကွက်လေ့ရှိပါတယ်။ တရုတ်က ထိုင်ဝမ်ကိစ္စဟာ ပြည်တွင်းရေးဖြစ်ပြီး တရုတ်ရဲ့ အဓိကအကျိုးစီးပွားနဲ့ ဆက်နွှယ်တဲ့ “မကျော်လွန်ရမယ့် အနီရောင်မျဉ်း” ဖြစ်တယ်လို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။
ဒီဖြတ်သန်းမှုဖြစ်ပွားတဲ့ ဩဂုတ် ၂၁ ရက် မနက် ၆ နာရီကနေ ဩဂုတ် ၂၂ ရက် မနက် ၆ နာရီအတွင်းမှာလည်း ထိုင်ဝမ်ပတ်ဝန်းကျင်မှာ တရုတ်စစ်လေယာဉ် ၃ စင်း၊ စစ်သင်္ဘော ၈ စင်းနဲ့ အစိုးရသင်္ဘော ၇ စင်း လှုပ်ရှားနေတာ တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စစ်လေယာဉ် ၃ စင်းလုံးဟာ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ကျော်ပြီး ထိုင်ဝမ်ရဲ့ မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း လေကြောင်းကာကွယ်ရေးဇုန်ထဲ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်စစ်တပ်က တရုတ်စစ်ရေးလှုပ်ရှားမှုတွေကို ကင်းထောက်လေယာဉ်၊ ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေအခြေစိုက် ဒုံးကျည်စနစ်တွေ အသုံးပြုပြီး စောင့်ကြည့်တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။
အခု P-8A ဖြတ်သန်းမှုဟာ ရှီကျင့်ဖျင်က လာမယ့်စက်တင်ဘာလအတွင်း အမေရိကန်ကို သွားရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားချိန်မှာ ဖြစ်ပေါ်လာတာပါ။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို တည်ငြိမ်အောင် ကြိုးပမ်းနေပေမယ့် ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးအငြင်းပွားမှုနဲ့ နည်းပညာကန့်သတ်ချက်တွေ ဟာ ဝါရှင်တန်နဲ့ ဘေဂျင်းကြား အဓိကပဋိပက္ခတွေ ဖြစ်နေဆဲဖြစ်ပါတယ်။

