၂၇ ဇွန် ၂၀၂၆ | New Day Myanmar
လာမယ့် ဇူလိုင်လ ၄ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေရှိနေပြီး အဲဒီအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဇွန် ၂၇ ရက် မနက်ပိုင်းမှာ သတိပေးထားပါတယ်။
လက်ရှိ မိုးလေဝသမော်ဒယ် ၃ ခုဖြစ်တဲ့ ECMWF၊ GFS နဲ့ ICON ကို နှိုင်းယှဉ်ကြည့်ရာမှာ ဇူလိုင်လ ၄ ရက်ဝန်းကျင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို မော်ဒယ်အားလုံးနီးပါးက တူညီစွာ ပြသနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လောက်အထိ အားကောင်းလာမလဲ၊ ဘယ်ဘက်ကို ရွေ့မလဲဆိုတာမှာတော့ မော်ဒယ်တစ်ခုနဲ့တစ်ခု ကွဲပြားနေဆဲဖြစ်ပါတယ်။ ECMWF မော်ဒယ်က အားအကောင်းဆုံးအဖြစ် ခန့်မှန်းထားပြီး ဗဟိုလေဖိအား ၉၉၆ hPa ဝန်းကျင်အထိ ကျဆင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီခန့်မှန်းချက်အတိုင်း ဖြစ်လာခဲ့ရင် ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်အနီးမှာ စနစ်တည်ရှိနိုင်ပြီး ရခိုင်၊ ချင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်တာနဲ့ ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးတာတွေ ကြုံရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
GFS မော်ဒယ်ကလည်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းငယ်အဆင့်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပိုမိုဦးတည်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်နိုင်ခြေ နည်းနိုင်ပေမယ့် အနောက်တောင်မုတ်သုံလေ အားကောင်းလာတာကြောင့် ရခိုင်၊ မြစ်ဝကျွန်းပေါ်နဲ့ ချင်းဒေသတွေမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ICON မော်ဒယ်ကတော့ အခြားမော်ဒယ် ၂ ခုထက် အားနည်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သာ ဖော်ပြထားပြီး စစ်တွေအနောက်ဘက် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လေဘေးကတော့ စိုးရိမ်စရာမရှိသေးပေမယ့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မော်ဒယ် ၃ ခုစလုံးကတော့ ဇူလိုင်လဆန်းပိုင်းမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်တယ်ဆိုတာကို တူညီစွာ ပြသနေကြပေမယ့် မုန်တိုင်းအဆင့်အထိ အားကောင်းမလား၊ ဘယ်ဘက်ကို ရွေ့မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ အနောက်တောင်မုတ်သုံလေ အားကောင်းလာနိုင်တာကြောင့် မိုးကြီးခြင်း၊ ရေကြီးခြင်းနဲ့ မြေပြိုမှုအန္တရာယ်တွေကို ကြိုတင်သတိထားကြဖို့ တိုက်တွန်းထားပါတယ်။


