၂၇ ဇွန် ၂၀၂၆ | New Day Myanmar
ဒီကနေ့ ဇွန် ၂၇ ရက် မနက် ၅ နာရီ ၅၅ မိနစ်ခန့်က မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်မှာ Hijet ယာဉ်တစ်စီးနဲ့ ရန်ကုန်ဘက်ကို ထွက်ခွာမယ့် ရထားစက်ခေါင်း တိုက်မိတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ မော်လမြိုင်ဘက်ကနေ မော်လမြိုင်တက္ကသိုလ်ဘက်ကို ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်လာတဲ့ Hijet ယာဉ်ဟာ ရထားလမ်းဖြတ်ကူးချိန် ရထားစက်ခေါင်းနဲ့ တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်မောင်းအမျိုးသား ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူကို ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အခင်းဖြစ်နေရာမှာ ရှေးဦးပြုစုကုသမှုပေးခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဖြစ်စဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ သီလရှင်ကျောင်းက ဆရာလေးတစ်ဦးဟာ ယာဉ်မောင်းရဲ့ ဒဏ်ရာအခြေအနေကို မြင်တွေ့ပြီး မူးမေ့သွားခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့က လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အချို့သတင်းစာမျက်နှာတွေမှာ ဆရာလေးတွေ စီးလာတဲ့ Hijet ယာဉ်နဲ့ တိုက်မိတာဖြစ်တယ်လို့ ဖော်ပြမှုတွေရှိနေပေမယ့် အဲဒီသတင်းဟာ မှားယွင်းတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုပါ Hijet ယာဉ်မှာ သီလရှင်ဆရာလေးတွေ လိုက်ပါလာတာမဟုတ်ဘဲ ယာဉ်မောင်းတစ်ဦးတည်းသာ မောင်းနှင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့


