၂၄ ဇွန် ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရထားလမ်းပေါ် အရက်မူးပြီး အိပ်ပျော်နေတဲ့ ဖခင်ဖြစ်သူကို လိုက်လံနှိုးနေတဲ့ အသက် ၈ နှစ်အရွယ် သမီးငယ်ပါ ရထားနဲ့တိုက်မိခဲ့တာကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီး သမီးငယ် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၂၂ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာ ပုသိမ်မြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ရွှေဝတ်မှုံမီးရထားဘူတာအနီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကြံခင်းမြို့ကနေ ပုသိမ်မြို့ကို မောင်းနှင်လာတဲ့ အစုန်ရထားအမှတ် ၁၈၂ ဟာ ရွှေဝတ်မှုံဘူတာအနီးအရောက်မှာ သားအဖနှစ်ဦးကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ဖခင်ဖြစ်သူဟာ ရထားလမ်းပေါ်မှာ အရက်မူးပြီး အိပ်ပျော်နေခဲ့သလို သမီးငယ်က လာရောက်နှိုးခေါ်ပေမယ့် မနိုးတာကြောင့် ရထားရောက်ရှိလာချိန်မှာ နှစ်ဦးစလုံး တိုက်မိခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရထားတိုက်မှုကြောင့် ဖခင်ဖြစ်သူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် သမီးငယ်ကတော့ ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့ သမီးငယ်ကို ပုသိမ်ပြည်သူ့ဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ထားပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဖခင်ဖြစ်သူဟာ ရထားလမ်းပေါ်မှာ အရက်မူးပြီး မကြာခဏ အိပ်ပျော်တတ်တာကြောင့် သမီးငယ်က ဘေးအန္တရာယ်မဖြစ်အောင် လိုက်လံနှိုးခေါ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဆေးရုံတက်ရောက်သ ကုသနေတဲ့ သမီးငယ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကတော့ ပြန်လည်ကောင်းမွန်လာတယ်လို့ သိရပါတယ်။


