Homeပြည်တွင်းသတင်းကျောင်းဝင်းထဲ ဝင်သွားပြီးနောက် Grade 8 ကျောင်းသူ ပျောက်ဆုံး၊ မိသားစုက အကူအညီတောင်းခံ

ကျောင်းဝင်းထဲ ဝင်သွားပြီးနောက် Grade 8 ကျောင်းသူ ပျောက်ဆုံး၊ မိသားစုက အကူအညီတောင်းခံ

၂၄ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ Grade 8 ကျောင်းသူ မဂျူလိုင်မိုး (ခ) ရှာပီကာဟာ ဇွန်လ ၂၂ ရက်က ကျောင်းဝင်းအတွင်း ဝင်သွားပြီးနောက် ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကူညီပေးကြဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံထားပါတယ်။

မိခင်ဖြစ်သူဟာ အဲဒီနေ့ မနက်ပိုင်းက သမီးဖြစ်သူကို ကျောင်းရှေ့အထိ ကိုယ်တိုင်လိုက်ပို့ခဲ့ပြီး ကျောင်းဝင်းထဲ ဝင်သွားတာကို မြင်တွေ့ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါပေမဲ့ ကျောင်းဆင်းချိန်မှာ သမီးဖြစ်သူ ပြန်ထွက်မလာတာကြောင့် မိခင်က ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေကို မေးမြန်းခဲ့ရာ အဲဒီနေ့မှာ ကျောင်းတက်ရောက်ထားခြင်း မရှိဘူးလို့ ပြန်လည်ပြောကြားခဲ့ကြောင်း မိသားစုဘက်က ဆိုပါတယ်။

ကျောင်းဝင်းအတွင်းရှိ CCTV မှတ်တမ်းတွေကို စစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် ကင်မရာတွေ ပျက်စီးနေတယ်လို့ ကျောင်းဘက်က အသိပေးခဲ့ကြောင်းလည်း မိသားစုဘက်က ပြောပါတယ်။

အဲဒီနောက် ကျောင်းအနီးရှိ စိန်ပန်းကုန်မာဆိုင်ရဲ့ CCTV မှတ်တမ်းကို ကြည့်ရှုခဲ့ရာ ကျောင်းသူဟာ ကျောင်းအနောက်ဘက်လမ်းကနေ ပြန်လည်ထွက်ခွာသွားတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

မဂျူလိုင်မိုး (ခ) ရှာပီကာဟာ ဇွန်လ ၂၄ ရက်အထိ နေအိမ်ပြန်ရောက်လာခြင်း မရှိသေးဘဲ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေကြပါတယ်။

ကျောင်းသူနဲ့ပတ်သက်တဲ့ သတင်းအစအန သိရှိသူတွေအနေနဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အမြန်ဆုံး အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ ကျောင်းသူရဲ့ လက်ရှိအခြေအနေကို New Day Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ — လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most Read