၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၀ ရက် မနက်ပိုင်းမှာ မိုးကြီးနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား ကောင်းလာနိုင်သလို ပင်လယ်အော်အတွင်း လေထုမငြိမ်မသက် ဖြစ်လာနိုင်တာကြောင့် ဒီနေ့ကနေ ဇူလိုင် ၂၈ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသတွေမှာ မိုးသည်းထန်စွာ ရွာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လေတိုက်နှုန်းက တစ်နာရီကို ၃၀ မိုင်ကနေ ၃၅ မိုင်အထိ ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
လှိုင်းအမြင့်ကလည်း ၉ ပေကနေ ၁၁ ပေအထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးရေလျှံတာနဲ့ မြေပြိုတာလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် တောင်ကုန်း၊ တောင်စောင်းအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုအန္တရာယ်ကို သတိထားကြဖို့၊ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေလည်း ရေကြီးရေလျှံနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ သွားလာနေတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေလည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး သတိထားဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
မနေ့ကလည်း ရန်ကုန်တိုင်း မြို့နယ်အချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် သင်္ဃန်းကျွန်းမြို့နယ်မှာ အပင်ပြိုလဲတာ၊ ဓာတ်တိုင်ကျိုးကျတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။


