၆ ဧပြီ ၂၀၂၆ | New Day Myanmar
နိုင်ငံတဝန်းရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ ဒီနေ့ မိုးရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်တဲ့ နေ့စဉ်မိုးလေဝသသတင်းမှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ လှိုင်းအမြင့်ကတော့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၃ ပေမှ ၅ ပေခန့်ရှိနိုင်တယ်လို့ သိရပါတယ်။
ယနေ့ညနေအထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ မိုးရွာနိုင်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေ၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာနိုင်ခြေ ရာခိုင်နှုန်း ၈၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။
မြို့ကြီးများအနေနဲ့ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ့်အခြေအနေရှိပြီး မန္တလေးမြို့မှာတော့ မိုးထစ်ချုန်းပြီး နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွေ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အသေးစိတ်ခန့်မှန်းချက်အရ မန္တလေးတိုင်းမြောက်ပိုင်းရှိ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး ဧပြီ ၇ ရက်မှာ မိုးကုတ်ဒေသမှာ မိုးပိုများကာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသအများစုမှာ မိုးအနည်းငယ်ရွာနိုင်ပြီး ခန္တီးနဲ့ နမ်စီဘွန်းဒေသတွေမှာတော့ ရက်ပေါင်းများစွာ ဆက်တိုက်မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကချင်ပြည်နယ်မှာလည်း ဧပြီ ၁၃ ရက်အထိ မိုးဆက်ရွာနိုင်ပြီး နေရာအချို့မှာ မိုးသည်းထန်နိုင်တယ်လို့ သိရပါတယ်။
ဒီမိုးရွာသွန်းမှုတွေဟာ အီကွေတာတောင်ဘက် မုန်တိုင်းတွေကြောင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနဲ့ ကုန်းတွင်းလေစီးကြောင်းတွေ အားကောင်းလာပြီး အနောက်ဘက်က မိုးတိမ်တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။
ဧပြီ ၆ ရက်ကနေ ၁၂ ရက်အတွင်း ရခိုင်၊ ရှမ်းနဲ့ မန္တလေးမြောက်ပိုင်း၊ စစ်ကိုင်းနဲ့ ကချင်တို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်ဝင်ရောက်တဲ့ လမ်းကြောင်းအပေါ် မူတည်ပြီး ရှမ်းတောင်ပိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။


