၁၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဒီကနေ့ ဇူလိုင် ၁၅ ရက်ကနေ ဇူလိုင် ၂၁ ရက်အထိ မြန်မာနိုင်ငံဒေသအများစုမှာ မိုးဆက်တိုက်ရွာနိုင်ပြီး အချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မုတ်သုံလေအားကောင်းနေတာနဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လေတိုက်နှုန်းက တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
လှိုင်းအမြင့်ကလည်း ၉ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသနဲ့ မြစ်၊ ချောင်းအနီးမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားကြဖို့၊ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး သတိနဲ့ သွားလာကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။


