Homeပြည်တွင်းသတင်းတရုတ်နိုင်ငံကူးလက်မှတ်နဲ့ ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသား မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိ၊ မရှိ အိန္ဒိယ စုံစမ်း

တရုတ်နိုင်ငံကူးလက်မှတ်နဲ့ ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသား မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိ၊ မရှိ အိန္ဒိယ စုံစမ်း

၁၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

အိန္ဒိယ-နီပေါနယ်စပ်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဟာ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိ၊ မရှိကို အိန္ဒိယထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့ အိန္ဒိယမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်သား အသက် ၃၆ နှစ်အရွယ် Jordan Brown ဖြစ်ပြီး ဇူလိုင် ၁၁ ရက်က အတ္တရာပရာဒေ့ရှ်ပြည်နယ် Maharajganj ခရိုင်ရှိ Sonauli နယ်စပ်အနီးမှာ တရားဝင်ခရီးသွားစာရွက်စာတမ်းမပါဘဲ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းနေစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

နယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့ တားဆီးချိန်မှာ Brown ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဒေသခံတွေရဲ့ အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးရာမှာ Brown ထံက တရုတ်နိုင်ငံကူးလက်မှတ်တစ်စောင်၊ မိုဘိုင်းဖုန်းနှစ်လုံး၊ အိန္ဒိယနဲ့ နီပေါငွေကြေး၊ ဘာသာရေးစာအုပ်တွေ၊ AI ဘာသာပြန်ကိရိယာတစ်ခုနဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

အိန္ဒိယအာဏာပိုင်တွေက အဲဒီတရုတ်နိုင်ငံကူးလက်မှတ်ကို ဘယ်လိုရရှိခဲ့သလဲ၊ မြန်မာနိုင်ငံအတွင်း ရရှိခဲ့တာ ဟုတ်၊ မဟုတ်နဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးလေ့ကျင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦး ပါဝင်တဲ့ သီးခြားအမှုနဲ့ ဆက်နွှယ်မှုရှိ၊ မရှိကိုလည်း စုံစမ်းနေပါတယ်။

အဲဒီအမှုမှာ ဖမ်းဆီးခံထားရသူတွေဟာ မြန်မာနိုင်ငံအတွင်း Kuki-Chin Army လို့ အိန္ဒိယအာဏာပိုင်တွေ ဖော်ပြထားတဲ့ လက်နက်ကိုင်အဖွဲ့ကို ဒရုန်းအသုံးပြုနည်းနဲ့ စစ်ရေးလေ့ကျင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါပေမယ့် Brown ဟာ အဲဒီအမှုနဲ့ ဆက်နွှယ်ကြောင်းကိုတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Brown ကတော့ ထိုင်းနိုင်ငံကို ခရီးသွားစဉ် အမေရိကန်နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့ကြောင်း၊ အဲဒီနောက် သီရိလင်္ကာနိုင်ငံကတစ်ဆင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယနိုင်ငံကို ဝင်ရောက်ခဲ့ပြီး Goa ပြည်နယ်မှာ နေထိုင်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

ထို့ပြင် ၎င်းဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ပညာသင်ယူခဲ့ဖူးပြီး အမေရိကန်ရေတပ်မှာ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိမှာ Brown ကို အိန္ဒိယလူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အမှုဖွင့်ထားပြီး အမေရိကန်သံရုံးကိုလည်း အသိပေးထားကာ ၎င်းရဲ့ နောက်ခံအခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်မှုရှိ၊ မရှိကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Related News

Most Read