၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံက အဓိကထိန်းချုပ်ထားတဲ့ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်အပေါ် မှီခိုမှုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မြေရှားသတ္တုတူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။
မန္တလေးမြို့မှာ ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့တဲ့ အိန္ဒိယ–မြန်မာ သတ္တုတူးဖော်ရေးနဲ့ သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် အဘေးသာကူရ်က နှစ်နိုင်ငံကြား ပူးပေါင်းမှုတိုးမြှင့်နေတဲ့အခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
သတ္တုတူးဖော်ရေးကဏ္ဍမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သိသိသာသာအရှိန်မြင့်လာတယ်လို့ အိန္ဒိယသံအမတ်က ဆိုပါတယ်။
မြေရှားသတ္တုနဲ့ အရေးပါတဲ့သတ္တုတွေအတွက် အိန္ဒိယကိုယ်စားလှယ်အဖွဲ့တွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတို့မှာ မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင် မေလကုန်ကနေ ဇွန်လဆန်းအထိ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ချိန်မှာလည်း မြေရှားသတ္တုနဲ့ အရေးပါတဲ့သတ္တုတွေဆိုင်ရာ ပူးပေါင်းရေးကို နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ သာကူရ်က ပြောပါတယ်။
“အရေးပါတဲ့သတ္တုတွေ ရရှိအသုံးချဖို့ အိန္ဒိယရဲ့လိုအပ်ချက်နဲ့ ရေရှည်တည်တံ့တဲ့ သတ္တုတူးဖော်ရေးကနေ မြန်မာနိုင်ငံရရှိနိုင်မယ့် အကျိုးကျေးဇူးတွေဟာ ကာလတိုနဲ့ ကာလရှည် နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်” လို့ အိန္ဒိယသံအမတ်က ဆိုပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်က သတ္တုတွင်းတွေဟာ ကမ္ဘာ့အလေးစားမြေရှားသတ္တုထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးနေပြီး အများစုကို တရုတ်နိုင်ငံဆီ တင်ပို့ကာ လျှပ်စစ်မော်တော်ယာဉ်၊ လေတာဘိုင်နဲ့ စစ်လက်နက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ သံလိုက်တွေ ထုတ်လုပ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ အဓိကမြေရှားသတ္တုတူးဖော်ရာ ပန်ဝါနဲ့ ချီဖွေဒေသတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပါတယ်။ အိန္ဒိယဟာ KIA ထိန်းချုပ်ရာသတ္တုတွင်းတွေက မြေရှားသတ္တုနမူနာတွေ ရယူသယ်ယူနိုင်ဖို့ အစိုးရပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို စူးစမ်းလေ့လာခိုင်းထားတယ်လို့ Reuters က ၂၀၂၅ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။
မန္တလေးဖိုရမ်ကို အိန္ဒိယအစိုးရပိုင် IREL နဲ့ NTPC Mining ကုမ္ပဏီတွေအပြင် Himadri Specialty၊ Oceanic Sands၊ PrNd Metal & Magnets နဲ့ Jai Puri Holdings စတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ တက်ရောက်ခဲ့ကြပါတယ်။
IREL နဲ့ Midwest Advanced Materials ကုမ္ပဏီတွေဟာလည်း KIA ထိန်းချုပ်ရာ သတ္တုတွင်းတွေက နမူနာတွေ ရယူသယ်ဆောင်နိုင်ရေး ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။
လက်ရှိဆွေးနွေးမှုတွေဟာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့်အဆင့်မှာသာရှိပြီး မြေရှားသတ္တုတူးဖော်ခွင့်၊ ဝယ်ယူမှုနဲ့ သယ်ယူပို့ဆောင်မှုဆိုင်ရာ တရားဝင်သဘောတူညီချက် လက်မှတ်ရေးထိုးထားတယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်မှုတွေကြောင့် မြေဆီလွှာနဲ့ ရေအရင်းအမြစ်တွေ အဆိပ်သင့်ညစ်ညမ်းတာအပါအဝင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။ အခုအိန္ဒိယ–မြန်မာပူးပေါင်းရေးမှာ ဒေသခံတွေရဲ့ သဘောတူညီမှု၊ အကျိုးအမြတ်ခွဲဝေမှုနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအတွက် ဘယ်လိုစည်းမျဉ်းတွေထားရှိမယ်ဆိုတာကို ရှင်းလင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


