Homeအထူးသတင်းအက်ပ်စတိန်းကို အမျိုးသမီးငယ်တွေနဲ့ချိတ်ဆက်ပေးခဲ့တဲ့ မော်ဒယ်ရှာဖွေသူ ပါရီမြို့အနီးမှာ သေဆုံးလျက်တွေ့ရှိ

အက်ပ်စတိန်းကို အမျိုးသမီးငယ်တွေနဲ့ချိတ်ဆက်ပေးခဲ့တဲ့ မော်ဒယ်ရှာဖွေသူ ပါရီမြို့အနီးမှာ သေဆုံးလျက်တွေ့ရှိ

၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်းနဲ့ ဆက်နွှယ်နေတဲ့ မော်ဒယ်ရှာဖွေသူ ဒန်နီယယ်စီယက် (Daniel Siad) ကို ပြင်သစ်နိုင်ငံ ပါရီမြို့အနီးက သူ့ရဲ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ပြင်သစ်အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

အသက် ၆၉ နှစ်အရွယ် စီယက်ရဲ့ ရုပ်အလောင်းကို ပါရီမြို့အနောက်မြောက်ဘက် ကိုလုံးဘ် (Colombes) ဆင်ခြေဖုံးဒေသက နေအိမ်မှာ ဇူလိုင် ၂၀ ရက် ညနေပိုင်းက တွေ့ရှိခဲ့တာပါ။

သေဆုံးရတဲ့အကြောင်းရင်းကို အတည်ပြုနိုင်ဖို့ ရုပ်အလောင်းခွဲစိတ်စစ်ဆေးမယ်လို့ နန်တာရာအစိုးရရှေ့နေရုံးက ပြောပါတယ်။ စီယက်ရဲ့ရှေ့နေကတော့ နှလုံးရောဂါနဲ့ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ပြောထားပေမဲ့ တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။

စီယက်ရဲ့အမည်ဟာ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ အက်ပ်စတိန်းအမှုတွဲမှတ်တမ်းတွေမှာ အကြိမ် ၂,၀၀၀ နီးပါး ပါဝင်နေပါတယ်။ သူဟာ မော်ဒယ်အလုပ်အကိုင်ရရှိမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီးငယ်တွေကို အက်ပ်စတိန်းဆီ မိတ်ဆက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အက်ပ်စတိန်းရဲ့ ကျူးလွန်မှုကြောင့် ထိခိုက်နစ်နာခဲ့သူတဦးက စီယက်ဟာ သူ့ကို အက်ပ်စတိန်းနဲ့ မိတ်ဆက်ပေးခဲ့သူဖြစ်တယ်လို့ BBC ကို ပြောထားပါတယ်။ အီးမေးလ်မှတ်တမ်းတွေအရ စီယက်ဟာ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်နဲ့ ခရီးသွားအစီအစဉ်တွေကို အက်ပ်စတိန်းဆီ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အက်ပ်စတိန်းနဲ့ ဆက်နွှယ်တဲ့ အချက်အလက်တွေ ထွက်ပေါ်လာပြီးနောက် ပြင်သစ်အာဏာပိုင်တွေက လူကုန်ကူးမှုနဲ့ အခွန်လိမ်လည်မှုတွေကို ဖေဖော်ဝါရီလမှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ အမျိုးသမီး ၂၄ ဦးက စီယက် ဒါမှမဟုတ် အမှုနဲ့ဆက်နွှယ်သူတွေရဲ့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုတွေကို ထွက်ဆိုခဲ့ကြပြီး အမျိုးသမီးငါးဦးက စီယက်ကို မုဒိမ်းမှုနဲ့ လူကုန်ကူးမှုဆိုင်ရာ စွပ်စွဲချက်တွေ ပြုလုပ်ထားပါတယ်။

စီယက်ကတော့ အဲဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး အက်ပ်စတိန်းနဲ့ ဆက်ဆံရေးဟာ လုပ်ငန်းပိုင်းဆိုင်ရာသာဖြစ်သလို သူ့ရဲ့ရာဇဝတ်မှုတွေကို မသိရှိခဲ့ဘူးလို့ ပြောထားပါတယ်။ သေဆုံးချိန်အထိ စီယက်ကို တရားဝင်တရားစွဲဆိုထားခြင်း မရှိသေးပါဘူး။

ပြင်သစ်အာဏာပိုင်တွေက စီယက်သေဆုံးသွားပေမဲ့ အက်ပ်စတိန်းရဲ့ ပြင်သစ်နိုင်ငံအတွင်း ဆက်နွှယ်မှုတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အက်ပ်စတိန်းဟာ လိင်ကုန်ကူးမှုစွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးခံရဖို့ စောင့်ဆိုင်းနေချိန် ၂၀၁၉ ခုနှစ်မှာ အမေရိကန်အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါတယ်။ သူနဲ့ ဆက်နွှယ်တဲ့ ပြင်သစ်မော်ဒယ်အေးဂျင့် ဂျင်းလုခ်ဘရူနယ်လည်း မုဒိမ်းမှုနဲ့ လူကုန်ကူးမှုဆိုင်ရာ စွဲချက်တွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေချိန် ၂၀၂၂ ခုနှစ်မှာ အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါတယ်။

Related News

Most Read