Homeပြည်တွင်းသတင်းမြန်မာတဦးအရက်မူးပြီး မောင်းလာတဲ့ ကားက ဆိုင်ကယ်လေးစီးကို ဆက်တိုက်ဆင့်တိုက်၊ ထိုင်းနှစ်ဦးသေဆုံး

မြန်မာတဦးအရက်မူးပြီး မောင်းလာတဲ့ ကားက ဆိုင်ကယ်လေးစီးကို ဆက်တိုက်ဆင့်တိုက်၊ ထိုင်းနှစ်ဦးသေဆုံး

၂၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်မှာ မြန်မာအမျိုးသားတဦး မောင်းနှင်လာတဲ့ကားက ဆိုင်ကယ်တစီးကို တိုက်မိပြီးနောက် မရပ်ဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးကာ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ်သုံးစီးကို ထပ်မံတိုက်မိခဲ့တာကြောင့် ထိုင်းနိုင်ငံသားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ဇူလိုင် ၂၅ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ဖူးခက်ခရိုင်၊ ထလန်မြို့နယ်၊ ထက်ကဆတ်ထရီဒေသရှိ တုန်ဆိုင်းရေတံခွန်သွားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်မင်းဦး မောင်းနှင်လာတဲ့ အနက်ရောင် Suzuki Caribian ကားဟာ ထလန်ဘက်ကနေ ရေတံခွန်ဘက် မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကို ဦးစွာတိုက်မိခဲ့ပါတယ်။

ကားသမားဟာ တိုက်မိပြီးနောက် ရပ်တန့်ကူညီခြင်းမရှိဘဲ ထလန်ဘက်ကို မီတာ ၁၀၀ ခန့် ဆက်လက်မောင်းနှင်ခဲ့ပြီး ဆိုင်တဆိုင်ရှေ့မှာ ဈေးဝယ်ဖို့ရပ်ထားတဲ့ ဆိုင်ကယ်သုံးစီးကို ထပ်မံဝင်တိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

တိုက်မိမှုကြောင့် ဆိုင်ကယ်လေးစီး ပျက်စီးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ထိုင်းအမျိုးသားတဦးနဲ့ အသက် ၄၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ထလန်ဆေးရုံကို ပို့ဆောင်ကုသနေချိန် ည ၉ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၆၀ နှစ်အရွယ် ထိုင်းအမျိုးသားတဦးနဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ နောက်ဆုံးရရှိတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ကနဦးသတင်းတချို့မှာ ဒဏ်ရာရသူ သုံးဦးလို့ ဖော်ပြခဲ့ပေမယ့် Bangkok Post နဲ့ MGR တို့က သေဆုံးသူနှစ်ဦးအပြင် ဒဏ်ရာရသူနှစ်ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

အခင်းဖြစ်နေရာကို ရောက်လာတဲ့ရဲတပ်ဖွဲ့က ယာဉ်မောင်း အောင်မင်းဦးမှာ အရက်မူးနေတဲ့ လက္ခဏာတွေ တွေ့ရတာကြောင့် အရက်ပမာဏ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ သွေးအတွင်း အရက်ပမာဏ ၂၃၉ မီလီဂရမ်ရာခိုင်နှုန်းအထိ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ သာမန်ယာဉ်မောင်းတွေအတွက် ခွင့်ပြုထားတဲ့ အရက်ပမာဏ ၅၀ မီလီဂရမ်ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် လေးဆကျော် မြင့်မားနေတာ ဖြစ်ပါတယ်။

ထလန်ရဲတပ်ဖွဲ့က အောင်မင်းဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အရက်သောက်မောင်းနှင်ကာ သူတပါးဒဏ်ရာရ၊ သေဆုံးစေမှုနဲ့ ကနဦးအမှုဖွင့်ထားပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ရပ်တန့်ကူညီခြင်းမရှိဘဲ ထွက်ပြေးခဲ့တယ်ဆိုတဲ့အချက်အပါအဝင် တခြားစွဲချက်တွေအတွက် သက်သေအထောက်အထားတွေ ဆက်လက်စုဆောင်းနေတယ်လို့ သိရပါတယ်။

Related News

Most Read