၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
အမေရိကန်-အစ္စရေးစစ်ပွဲ ပထမနေ့မှာ သေဆုံးခဲ့တဲ့ အီရန်အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီရဲ့ ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်က စတင်လိုက်ပြီး ဇူလိုင် ၉ ရက်အထိ ခြောက်ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် လေးလနီးပါး ရွှေ့ဆိုင်းထားခဲ့ရတဲ့ ဒီဈာပနကို အီရန်နဲ့ အီရတ်နိုင်ငံက အထင်ကရ ရှီအာဘာသာရေးမြို့တွေမှာ လှည့်လည်ကျင်းပပြီး နောက်ဆုံးမှာ ခါမေနီမွေးဖွားရာ မက်ရှ်ဟဒ်မြို့မှာ သင်္ဂြိုဟ်မှာပါ။
ဇူလိုင် ၄ ရက်နဲ့ ၅ ရက်မှာ တီဟီရန်မြို့က Mosalla ဝတ်ပြုဆုတောင်းရေးအဆောက်အအုံမှာ အများပြည်သူ နောက်ဆုံးနှုတ်ဆက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဇူလိုင် ၆ ရက်မှာတော့ Imam Hossein ရင်ပြင်ကနေ Azadi ရင်ပြင်အထိ ၁၀ ကီလိုမီတာခန့် ဈာပနလှည့်လည်မှာ ဖြစ်ပြီး လူသန်း ၂၀ အထိ တက်ရောက်နိုင်တယ်လို့ မြို့တော်တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
ဈာပနကို ဇူလိုင် ၇ ရက်မှာ အီရန်ရဲ့ ရှီအာဘာသာရေးပညာရေးဗဟိုဖြစ်တဲ့ ကွမ်မြို့၊ ဇူလိုင် ၈ ရက်မှာ အီရတ်နိုင်ငံက နာဂျဖ်နဲ့ ကာဘလာမြို့တွေမှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။
ဇူလိုင် ၉ ရက်မှာတော့ မက်ရှ်ဟဒ်မြို့က အီမာမ်ရီဇာဗိမာန်အနီးမှာ နောက်ဆုံးသင်္ဂြိုဟ်မှာ ဖြစ်ပြီး လူဦးရေ ၈ သန်းကနေ ၁၀ သန်းအထိ တက်ရောက်နိုင်တယ်လို့ အီရန်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
နိုင်ငံပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ တောင်းဆိုထားပြီး ပါကစ္စတန်၊ တရုတ်နဲ့ အီရတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ တက်ရောက်ဖို့ ရှိနေပါတယ်။
ခါမေနီရဲ့ သားဖြစ်သူနဲ့ အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီဟာ ဖခင်သေဆုံးပြီးနောက် လူထုရှေ့ မပေါ်ထွက်သေးတာကြောင့် ဈာပနမှာ သူပေါ်လာမလားဆိုတာလည်း စောင့်ကြည့်ခံနေရပါတယ်။
အခမ်းအနားတလျှောက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကြီးကြပ်မှာဖြစ်ပြီး မြို့ကြီးတွေကို ဝင်ထွက်သွားလာခွင့်နဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။


