၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေကြား ကာတာနဲ့ ပါကစ္စတန်တို့က ကြားဝင်ညှိနှိုင်းပေးနေတဲ့ သွယ်ဝိုက်ဆွေးနွေးပွဲတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရရှိခဲ့ပြီး နှစ်ဖက်စလုံးက ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေဟာ ဇူလိုင်လ ၁ ရက်က ဒိုဟာမြို့မှာ ကာတာနဲ့ ပါကစ္စတန်ကြားဝင်စေ့စပ်သူတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ကာတာဘက်က အမေရိကန်–အီရန် ပဋိပက္ခရပ်ဆိုင်းရေး နားလည်မှုစာချွန်လွှာနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေမှာ “အပြုသဘောတိုးတက်မှု” ရရှိခဲ့တယ်လို့ ပြောပေမယ့် ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးမှာ သိသာတဲ့ တိုးတက်မှု မတွေ့ရသေးဘူးလို့ ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက Reuters ကို ပြောပါတယ်။
ဆွေးနွေးပွဲတွေမှာ ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှု၊ အီရန်ရဲ့ နိုင်ငံခြားမှာ ပိတ်ဆို့ထားတဲ့ ငွေကြေးတွေ ပြန်လည်ရရှိရေးနဲ့ ယာယီသဘောတူညီချက်ပါ အချက်တွေကို အဓိကဆွေးနွေးခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်အကြား အဆင့်မြင့် တိုက်ရိုက်ဆွေးနွေးမှု မရှိသေးဘဲ အဆင့်နိမ့်နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတွေသာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်အပေါ် ကန့်သတ်နိုင်ရေးမှာ တိုးတက်မှုရှိနေတယ်လို့ ပြောပေမယ့် လက်ရှိဒိုဟာဆွေးနွေးပွဲတွေမှာ နျူကလီးယားကိစ္စကို မဆွေးနွေးရသေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ကတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို မကြာခင် စတင်မယ်လို့ ပြောပါတယ်။
နောက်တကြိမ် ဆွေးနွေးပွဲကို အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ ဈာပနအခမ်းအနားတွေ ပြီးဆုံးပြီးနောက် ပြန်လည်ပြုလုပ်မယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်နေချိန်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီက အီရန်ပြည်သူတွေ ဒါမှမဟုတ် နိုင်ငံခေါင်းဆောင်ပိုင်းကို တိုက်ခိုက်ခြိမ်းခြောက်လာရင် “ချက်ချင်းနဲ့ အင်အားပြင်းပြင်း တုံ့ပြန်မယ်” လို့ သတိပေးထားပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ရဲ့ လက်ရှိအမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီကို “သေဆုံးရမယ့် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်” လို့ ပြောဆိုခဲ့ပြီးနောက် အီရန်ဘက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အစ္စရေးကို ထိန်းချုပ်မယ်လို့ ကတိပေးထားကြောင်း အာရတ်ချီက ပြောပြီး အစ္စရေးက သီးခြားတိုက်ခိုက်လာရင် ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပါတယ်။


