Homeပြည်တွင်းသတင်းဘီလာရုစ်သမ္မတ လူကာရှင်ကို ဇူလိုင် ၂ ရက်မှာ မြန်မာနိုင်ငံကို နာရီပိုင်းလာရောက်ပြီး ဘီလာရုစ်သို့ ပြန်မည်

ဘီလာရုစ်သမ္မတ လူကာရှင်ကို ဇူလိုင် ၂ ရက်မှာ မြန်မာနိုင်ငံကို နာရီပိုင်းလာရောက်ပြီး ဘီလာရုစ်သို့ ပြန်မည်

၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုဟာ ဒီနေ့ ဇူလိုင်လ ၂ ရက်မှာ မြန်မာနိုင်ငံကို နာရီပိုင်းလာရောက်ပြီးနောက် ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ကို ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Flightradar24 ရဲ့ လေယာဉ်ခရီးစဉ်အချက်အလက်တွေကို ကိုးကားပြီး ဘီလာရုစ်သတင်းဌာန Reform.news က ဖော်ပြရာမှာ EW-001PB အမှတ်ပါတဲ့ Boeing 767 အစိုးရလေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ နေပြည်တော်ကို ပျံသန်းလာပြီး အဲဒီနောက် မင့်စ်မြို့ကို ဆက်လက်ပျံသန်းဖို့ စီစဉ်ထားပါတယ်။

အဲဒီလေယာဉ်ဟာ လူကာရှင်ကိုရဲ့ လက်ရှိ အာရှခရီးစဉ်အတွင်း အသုံးပြုနေတဲ့ ဘီလာရုစ်အစိုးရလေယာဉ် ဖြစ်ပါတယ်။

စစ်အုပ်စုပိုင်မီဒီယာတွေက လူကာရှင်ကိုဟာ မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ် လာရောက်မယ်လို့ ဇွန်လ ၃၀ ရက်မှာ ကြေညာထားပေမယ့် ခရီးစဉ်အချိန်ဇယားနဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကို အသေးစိတ် ထုတ်ပြန်ထားတာ မရှိပါဘူး။

လေယာဉ်ခရီးစဉ်အချက်အလက်အရ လူကာရှင်ကိုဟာ နေပြည်တော်မှာ နာရီပိုင်းသာ နေထိုင်ဖွယ်ရှိပြီး ဘီလာရုစ်ကို တိုက်ရိုက်ပြန်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

လူကာရှင်ကိုဟာ ဇွန်လ ၂၆ ရက်မှာ ရုရှားနိုင်ငံ ဗယ်လ်ဒိုင်ဒေသမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကို ဆက်လက်သွားရောက်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ သူ့ရဲ့ လက်ရှိပြည်ပခရီးစဉ်အတွင်း ရုရှား၊ တရုတ်နဲ့ အင်ဒိုနီးရှားတို့နောက် စတုတ္ထမြောက် သွားရောက်တဲ့နိုင်ငံ ဖြစ်လာမှာပါ။

လူကာရှင်ကိုဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်လာရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံစီးပွားရေး၊ ကာကွယ်ရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

အခုခရီးစဉ်ဟာ ရှစ်လအတွင်း လူကာရှင်ကိုရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမှာပါ။

ဆက်စပ် သတင်းများ

Most Read