Homeပြည်တွင်းသတင်းစစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အပေါ်တိုက်ခိုက်မှု ၁,၉၄၃ ကြိမ်ရှိခဲ့

စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အပေါ်တိုက်ခိုက်မှု ၁,၉၄၃ ကြိမ်ရှိခဲ့

၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်အထိ မြန်မာနိုင်ငံတဝန်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်တာနဲ့ ကျန်းမာရေးဝန်ဆောင်မှုရယူခွင့် ပိတ်ပင်ဟန့်တားတာ အနည်းဆုံး ၁,၉၄၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ Insecurity Insight က ထုတ်ပြန်ပါတယ်။

ဒါဟာ ငါးနှစ်ကျော်ကာလအတွင်း နေ့စဉ်ပျမ်းမျှ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့တာနဲ့ ညီမျှပါတယ်။

မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တွေရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာလို့ သတ်မှတ်ထားပြီး ကျန်းမာရေးဝန်ထမ်း ၁၇၅ ဦး သေဆုံးကာ ၉၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ကျန်းမာရေးအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့ ဖြစ်စဉ်လည်း အနည်းဆုံး ၅၀၉ ကြိမ်ရှိခဲ့တယ်လို့ ဇွန်လ ၁၀ ရက်ကနေ ၂၃ ရက်အတွင်း ဖြစ်စဉ်တွေကို စုစည်းထားတဲ့ “Attacks on Health Care in Myanmar” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီထဲက ငါးဦးဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်အတွင်း သေဆုံးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးက ပဲခူးနဲ့ မကွေးတိုင်းမှာ လမ်းဘေးမြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁၁ ရက်မှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအနီးက ဒေသခံတော်လှန်ရေးတပ်ဖွဲ့အခြေစိုက်စခန်းတစ်ခုကို စစ်တပ်က သိမ်းပိုက်ခဲ့ရာ ယာယီဆေးခန်းတစ်ခုနဲ့ အဆောက်အအုံ ၁၀ လုံး ပါဝင်ခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်မှာ မြစ်ကြီးနား–ပူတာအိုလမ်းပေါ် သယ်ဆောင်လာတဲ့ X-ray စက်တစ်လုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက စက်ဟာ စစ်ဆေးရုံအတွက် ပို့ဆောင်တာလို့ ပြောပေမယ့် ပူတာအိုခရိုင်ဆေးရုံ ဆရာဝန်တွေကတော့ အများပြည်သူသုံးဆေးရုံအတွက် ဖြစ်တယ်လို့ ပြောထားပါတယ်။

ဇွန်လ ၁၉ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာနဲ့ အင်းလေးကန်အကြား လမ်းမပေါ်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို စစ်အုပ်စုလုံခြုံရေးတပ်ဖွဲ့တွေက လိမ်လည်ခေါ်ယူ ဖမ်းဆီးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူကို တောင်ကြီးမြို့က စစ်တပ်လုံခြုံရေးရာအဖွဲ့ရုံးဆီ ခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၂၃ ရက် ညပိုင်းကလည်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် လူနာတင်ယာဉ်တစ်စီးနဲ့ နေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Insecurity Insight က မြန်မာနိုင်ငံက ဆေးရုံတွေ၊ ရွှေ့လျားဆေးခန်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေဟာ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုအန္တရာယ်ကို ပိုမိုရင်ဆိုင်လာနေရတယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ဒရုန်းတွေ တွေ့ရှိချိန်၊ တိုက်ခိုက်မှုဖြစ်ပွားချိန်နဲ့ အဆောက်အအုံအတွင်း၊ အပြင် ရှိနေချိန်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေ လိုက်နာရမယ့် လုံခြုံရေးလမ်းညွှန်ချက်တွေကို မြန်မာနဲ့ အင်္ဂလိပ်ဘာသာ နှစ်မျိုးနဲ့ ထုတ်ပြန်ထားပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဖြစ်စဉ်တွေဟာ အများပြည်သူရရှိနိုင်တဲ့ သတင်းရင်းမြစ်တွေကို အခြေခံစုစည်းထားတာဖြစ်ပြီး မြေပြင်မှာ သီးခြားစုံစမ်းအတည်ပြုထားတာ မဟုတ်သလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အားလုံးကိုလည်း အပြည့်အစုံ ကိုယ်စားမပြုနိုင်ဘူးလို့ Insecurity Insight က အသိပေးထားပါတယ်။

Related News

Most Read