Homeအထူးသတင်းအမေရိကန်တိုက်ခိုက်မှုအပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ကြောင်း အီရန်ကြေညာ

အမေရိကန်တိုက်ခိုက်မှုအပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ကြောင်း အီရန်ကြေညာ

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို အမေရိကန်က ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီလို့ အီရန်ဘက်က ကြေညာလိုက်ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ ဝါရှင်တန်စံတော်ချိန် ဇွန်လ ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှာ အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အီရန်နိုင်ငံတောင်ပိုင်း၊ ဟော်မုဇ်ရေလက်ကြားအနီးတဝိုက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံဌာန IRIB နဲ့ Mehr သတင်းအေဂျင်စီတို့ရဲ့ ဖော်ပြချက်အရ အီရန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘောနှစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အီရန်ဘက်က ဘာရိန်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန် ပဉ္စမရေတပ်စု (US Fifth Fleet) ကိုလည်း တိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ ရေဒါစနစ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်တွေအပြီးမှာ အီရန်ဗဟိုစစ်ဌာနချုပ် Khatam al-Anbiya က ဟော်မုဇ်ရေလက်ကြားကို သင်္ဘောအမျိုးအစားအားလုံး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့တယ်လို့ Tasnim သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံနီးပါး ဖြတ်သန်းသွားလာနေတဲ့ အရေးပါဆုံး ရေကြောင်းလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တာကြောင့် အခုလို ပိတ်လိုက်တဲ့ ကြေညာချက်ဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက်နဲ့ နိုင်ငံတကာကုန်သွယ်ရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား ဧပြီလအတွင်း ရရှိထားခဲ့တဲ့ အပစ်ရပ်သဘောတူညီမှုကို နှစ်ဖက်စလုံးက တရားဝင်ဖျက်သိမ်းကြောင်း မကြေညာသေးပေမယ့် မကြာသေးခင် ရက်ပိုင်းအတွင်း အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး