ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ Truth Social လူမှုကွန်ရက်ပေါ်က ဈေးကွက်ကို လှုပ်ခတ်စေနိုင်တဲ့ ပို့စ်တွေကို အခကြေးငွေပေးပြီး တခြားသူတွေထက် စောစီးစွာ ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုအသစ်ကြောင့် ထရမ့်နဲ့ အိမ်ဖြူတော်တာဝန်ရှိသူတချို့ တရားစွဲဆိုခံထားရတယ်လို့ Reuters က ဖော်ပြပါတယ်။
မီဒီယာအဖွဲ့အစည်း The Intercept နဲ့ Freedom of the Press Foundation တို့က ဩဂုတ် ၁၂ ရက်မှာ နယူးယောက်၊ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး Trump Media & Technology Group က ဩဂုတ် ၁ ရက်မှာ စတင်ဝန်ဆောင်မှုပေးခဲ့တဲ့ Truth API ကို အဓိကစိန်ခေါ်ထားတာ ဖြစ်ပါတယ်။
Truth API ဟာ ထရမ့်ရဲ့ အကောင့်အပါအဝင် Truth Social ပေါ်က ထင်ရှားတဲ့ အကောင့် ၁၀ ခုရဲ့ ပို့စ်တွေကို စက်နဲ့ အလွယ်တကူဖတ်ရှုနိုင်တဲ့ data feed အဖြစ် ပေးပို့တာဖြစ်ပြီး စာရင်းသွင်းသူတွေက တခြားအသုံးပြုသူတွေထက် ပို့စ်တွေကို အချိန်အနည်းငယ် စောပြီး ရရှိနိုင်ပါတယ်။ ဝန်ဆောင်ခကို တစ်လ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ ကောက်ခံနိုင်ပြီး စတင်ချိန်ကတည်းက ဖောက်သည် ၁၀ ဦး ရရှိထားပြီလို့ Freedom of the Press Foundation က ဆိုပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း အခွန်အကောက်မူဝါဒ၊ အစိုးရတာဝန်ရှိသူခန့်အပ်တာနဲ့ ရာထူးကဖယ်ရှားတာ၊ စစ်ရေးလှုပ်ရှားမှုနဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခလို အရေးကြီးတဲ့ အစိုးရဆိုင်ရာ သတင်းတွေကို Truth Social ကနေ မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။ အဲဒီထုတ်ပြန်ချက်တချို့ကြောင့် စတော့ရှယ်ယာ၊ ရေနံနဲ့ တခြားငွေကြေးဈေးကွက်တွေ အလျင်အမြန် လှုပ်ခတ်ခဲ့ဖူးပါတယ်။
တရားစွဲဆိုသူတွေက အစိုးရရဲ့ အရေးကြီးတဲ့ ပြည်သူ့သတင်းအချက်အလက်တွေကို ငွေပေးနိုင်သူတွေက အရင်ရရှိပြီး တခြားပြည်သူတွေနဲ့ သတင်းမီဒီယာတွေက နောက်ကျရရှိတဲ့ပုံစံဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်မှာ အာမခံထားတဲ့ သတင်းအချက်အလက်ကို တန်းတူရရှိခွင့်နဲ့ မကိုက်ညီဘူးလို့ စွပ်စွဲထားပါတယ်။ ပဉ္စမပြင်ဆင်ချက်နဲ့လည်း မကိုက်ညီဘူးလို့ Freedom of the Press Foundation က ဆိုပါတယ်။
တရားစွဲလွှာမှာ ထရမ့်ရဲ့ Truth Social ပို့စ်တွေထဲက အများအပြားကို အိမ်ဖြူတော်ရဲ့ တရားဝင်ထုတ်ပြန်ချက်အဖြစ် နောက်ထပ်မထုတ်ပြန်ခဲ့တာကြောင့် Truth Social ပို့စ်ကို အရင်ရရှိတာက သတင်းမီဒီယာနဲ့ ငွေကြေးဈေးကွက်အတွက် အရေးပါတဲ့ အားသာချက်ဖြစ်နိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။ Reuters အရ ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း Truth Social ပို့စ်နဲ့ repost အရေအတွက်ဟာ ၉,၀၀၀ က ၁၁,၀၀၀ ကြား ရှိပါတယ်။
တရားစွဲဆိုသူတွေက Truth API ရှိနေသရွေ့ အိမ်ဖြူတော်အနေနဲ့ အစိုးရရဲ့ တရားဝင်ကြေညာချက်တွေကို Truth Social တစ်ခုတည်းကနေ သီးသန့်ထုတ်ပြန်တာ မလုပ်နိုင်အောင် တရားရုံးက တားမြစ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒီဝန်ဆောင်မှုဟာ ထရမ့်အတွက် ကိုယ်ပိုင်စီးပွားရေးအကျိုးအမြတ် ရရှိစေနိုင်တယ်ဆိုတာကိုလည်း တရားစွဲဆိုသူတွေက ထောက်ပြထားပါတယ်။ Reuters အချက်အလက်အရ ထရမ့်ဟာ Trump Media ရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်ပြီး Donald J. Trump Revocable Trust ကနေ ကုမ္ပဏီရှယ်ယာ ၄၁ ဒသမ ၃ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားကာ ဩဂုတ် ၁၂ ရက် ဈေးနှုန်းအရ အဲဒီရှယ်ယာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉၅၀ သန်းခန့် ရှိပါတယ်။
Trump Media ဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သတင်းအချက်အလက်ပေးတဲ့ subscription feed ပုံစံတွေကို နည်းပညာကုမ္ပဏီနဲ့ မီဒီယာအဖွဲ့အစည်းတွေကလည်း အသုံးပြုနေကြတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ကုမ္ပဏီဘက်က တရားစွဲဆိုမှုကို ထရမ့်ရဲ့ ပြောဆိုမှုတွေကို ပိတ်ပင်ဖို့ နိုင်ငံရေးအရ ကြိုးပမ်းတာဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။
Truth API ကို စတင်မိတ်ဆက်ပြီး မကြာခင်မှာပဲ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် အဲလိဇဘက် ဝါရင် နဲ့ အဒမ် ရှစ်ဖ် တို့က ဒီဝန်ဆောင်မှုဟာ ငွေကြေးဈေးကွက်ရဲ့ တရားမျှတမှုကို ထိခိုက်နိုင်သလားဆိုတာ စုံစမ်းဖို့ အမေရိကန် Securities and Exchange Commission (SEC) ကို တောင်းဆိုထားပါတယ်။

