၈ ဧပြီ ၂၀၂၆ | New Day Myanmar
ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအပေါ် အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်ပြီး အပစ်အခတ်ရပ်စဲရေးဆီကို ဦးတည်တဲ့ ဆွေးနွေးမှုတွေ စတင်လာဖို့ ရှိပါတယ်။
အဆိုပါဆုံးဖြတ်ချက်ဟာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို ပြန်လည်ရုပ်သိမ်းပြီးနောက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ထရမ့်က သူ့ရဲ့ Truth Social မှာ “အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ၂ ပတ် ရပ်ဆိုင်းဖို့ သဘောတူပါတယ်။ ဒါဟာ နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေး ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
အီရန်ကလည်း ယာယီအပစ်ရပ်ကို လက်ခံထားပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေကို ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့မှာ လာမယ့်သောကြာနေ့ စတင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီအပစ်ရပ်စီမံချက်ဟာ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် နဲ့ ကြည်းတပ်ဦးစီးချုပ် အာဆင် မူနီယာ တို့နဲ့ ဆွေးနွေးပြီးနောက် ပေါ်ပေါက်လာတာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး အချက်ပေါ် မူတည်နေပါတယ်။
အီရန်အစိုးရမီဒီယာတွေကတော့ ဒီအခြေအနေကို အမေရိကန်ရဲ့ ဆုတ်ခွာမှု လို့ သတ်မှတ်ပြောဆိုထားပြီး သူတို့ရဲ့ အချက် ၁၀ ချက်ပါတဲ့ အစီအစဉ်ကို လက်ခံလာတာဟာ အောင်မြင်မှုတစ်ခုလို့ ဆိုပါတယ်။
ဒါပေမယ့် အပစ်ရပ်ဆိုတာ စစ်ပွဲပြီးဆုံးတာ မဟုတ်သေးဘူးလို့ အီရန်ဘက်က သတိပေးထားပြီး အမြဲတမ်းငြိမ်းချမ်းရေးအတွက် အပြည့်အဝ သဘောတူညီချက် လိုအပ်နေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အစ္စရေးနိုင်ငံ ကလည်း ယာယီအပစ်ရပ်ကို သဘောတူထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်ကြေညာချက်ထွက်ပြီး မကြာခင်မှာပဲ အီရန်ဘက်က အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဂျေရုဆလင်နဲ့ ဂျေရီကိုဒေသတွေမှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သိရပါတယ်။


