Homeနိုင်ငံတကာသတင်းအီရန်နဲ့ အပစ်ရပ် သဘောတူညီမှုကို အောင်ပွဲကြီး လို့ အိမ်ဖြူတော် ပြော

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှုကို အောင်ပွဲကြီး လို့ အိမ်ဖြူတော် ပြော

၇ ဧပြီ ၂၀၂၆ | New Day Myanmar

အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာ အမေရိကန်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်အတွက် အောင်ပွဲကြီးတစ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၇ ရက်မှာ ထရမ့်က အီရန်ရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲဖျက်ဆီးမယ့် အစီအစဉ်ကို ၂ ပတ် နောက်ဆုတ်ထားပြီး အဲဒီကာလအတွင်း အပစ်အခတ် ရပ်စဲထားမယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမယ့်အကြောင်းနဲ့ အပစ်ရပ်ဖို့ သဘောတူထားတာကို အတည်ပြုခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီယာဗစ် က ဒီသဘောတူညီမှုဟာ အမေရိကန်နိုင်ငံနဲ့ ထရမ့်အတွက် အမေရိကန်စစ်တပ်က ရယူပေးခဲ့တဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ထရမ့်ဟာ အီရန်ပိတ်ဆို့ထားခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ခဲ့ပြီလို့လည်း သူက ပြောပါတယ်။

ထရမ့်က စစ်ပွဲအစပိုင်းမှာ အီရန်ကို ဆင်နွှဲမယ့် “Epic Fury” စစ်ဆင်ရေးဟာ ၆ ပတ်လောက် ကြာနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် လက်တွေ့မှာတော့ အမေရိကန်ဘက်က ၃၈ ရက်အတွင်း စစ်ရေးရည်မှန်းချက်တွေကို ပြည့်မီရုံတင်မက ကျော်လွန်အောင်မြင်ခဲ့တယ်လို့ လီယာဗစ်က ပြောပါတယ်။

စစ်ရေးအောင်မြင်မှုတွေကြောင့် ထရမ့်နဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့တွေ အတွက် အားသာချက်တွေ ရရှိလာပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် သံတမန်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ထရမ့်ကိုယ်တိုင်ကလည်း အီရန်နဲ့ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်အတွက် ပြီးပြည့်စုံပြီး မေးခွန်းထုတ်စရာ မလိုတဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ AFP နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး