Homeအထူးသတင်းထရမ့်ရဲ့ ခြိမ်းခြောက်မှုအပြီး ရေနံဈေးနှုန်းတွေ မြင့်တက်

ထရမ့်ရဲ့ ခြိမ်းခြောက်မှုအပြီး ရေနံဈေးနှုန်းတွေ မြင့်တက်

၆ ဧပြီ ၂၀၂၆ | New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအပေါ် စစ်ရေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ကို ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

ထရမ့်က လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံကို “ကျောက်ခေတ်ကို ပြန်ရောက်သွားစေနိုင်တယ်” လို့ ပြင်းထန်စွာ သတိပေးခဲ့ပြီးနောက် ဈေးကွက်အတွင်း မတည်ငြိမ်မှုတွေ ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့ဒေသမှာလည်း အီရန်ဘက်က တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ကူဝိတ်၊ ဘာရိန်းနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ရဲ့ ရေနံနဲ့ ရေနံဓာတုစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်အစိုးရက ဝန်ခံပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မှာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်နိုင်ငံအတွင်းရှိ အရပ်ဘက်အခြေခံအဆောက်အအုံတွေ ဆက်လက်တိုက်ခိုက်ခံရရင် အမေရိကန်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

တစ်ဖက်မှာ ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အပါအဝင် ရေနံတင်ပို့တဲ့နိုင်ငံတွေ ပါဝင်တဲ့ အိုပက်ပလပ်စ် (OPEC+) အဖွဲ့က မေလမှာ ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် ဘာရယ် ၂၀၆,၀၀၀ ခန့် တိုးမြှင့်ဖို့ သဘောတူခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံအချို့မှာ ပဋိပက္ခတွေကြောင့် လက်တွေ့ ထုတ်လုပ်နိုင်မှု မရှိနိုင်ဘူးလို့ လေ့လာသူတွေ ခန့်မှန်းထားပါတယ်။

ထရမ့်က ဟော်မုဇ်ရေလက်ကြား ကို အသုံးပြုနေတဲ့ သင်္ဘောတွေကို ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့ အီရန်ဘက်ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ပြီး Truth Social မှာလည်း ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

သူက “အင်္ဂါနေ့ဟာ အီရန်အတွက် မတူညီတဲ့နေ့တစ်နေ့ ဖြစ်လာမယ်” လို့ ရေးသားခဲ့ပြီး သဘောတူညီမှု မရရှိရင် စစ်ရေးအရေးယူမှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ အကြောင်းကြားခဲ့ပါတယ်။

အီရန်ဘက်က အဆင့်မြင့် စစ်ဘက်အရာရှိတစ်ဦးဖြစ်တဲ့ အလီ အဗ်ဒူလာဟီ အလီအာဘာဒီ ကတော့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို “အားကိုးရာမဲ့ လုပ်ရပ်” လို့ ပြန်လည်တုံ့ပြန်ပြီး အမေရိကန်အတွက် “ငရဲတံခါးတွေ ဖွင့်လာနိုင်တယ်” လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်အကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာနဲ့အတူ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ လေ့လာသူတွေ သတိပေးနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး