၆ ဧပြီ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ဘက်က သဘောမတူပါက တစ်ညအတွင်း အီရန်နိုင်ငံကို ဖြိုခွင်းပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ထရမ့်က အီရန်အနေနဲ့ လက်ရှိပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၇ ရက်နေ့ည ဝါရှင်တန်ဒီစီ စံတော်ချိန် ၈ နာရီမှာ ပြန်ဖွင့်ပေးဖို့ ရာဇသံပေးထားပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း မလိုက်လျောပါက အီရန်ကို “ကျောက်ခေတ် ပြန်ရောက်သွားတဲ့အထိ” အခြေခံအဆောက်အအုံတွေ ဖျက်ဆီးပစ်မယ်လို့ သတိပေးပါတယ်။
“တစ်ညအတွင်း အီရန်တစ်နိုင်ငံလုံးကို ဖြိုခွင်းပစ်နိုင်ပါတယ်၊ အဲဒီညဟာလည်း မနက်ဖြန်ည ဖြစ်နိုင်ပါတယ်” လို့ ထရမ့်က ဧပြီ ၆ ရက်နေ့မှာ ပြောပါတယ်။
ထရမ့်က ဆက်ပြီး အီရန်မှာ တံတားတွေ၊ ဓာတ်အားပေးစက်ရုံတွေ မကျန်တော့တဲ့အထိ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က အီရန်ဘက်က ခေါင်းဆောင်တချို့ဟာ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေကြပေမယ့် လက်ရှိအချိန်ထိ တိတိကျကျ ရလဒ် မရရှိသေးဘူးလို့လည်း ပြောပါတယ်။
အီရန်ဘက်ကတော့ ယာယီအပစ်ရပ်ရေး အစီအစဉ်တွေကို ပယ်ချထားပြီး စစ်ပွဲကို အပြီးတိုင် ရပ်တန့်ရေးနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေးကို တောင်းဆိုနေပါတယ်။
ဒေသတွင်း သံတမန်ရေး သတင်းရင်းမြစ်တွေကတော့ အပစ်မရပ်သေးဘဲနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ရရှိဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားပါတယ်။
ထရမ့်က သတင်းစာရှင်းလင်းပွဲကို အမေရိကန် ပူးပေါင်းစစ်ဆင်ရေး စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်တို့နဲ့အတူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ပါကစ္စတန်၊ တူရကီနဲ့ အီဂျစ်တို့ဟာ စစ်ပွဲရပ်စဲရေးအတွက် ကြားဝင်စေ့စပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


