Homeအထူးသတင်းအမေရိကန်လမ်းမတွေပေါ်က ထရမ့်ဆန့်ကျင်ရေး No King လှုပ်ရှားမှု

အမေရိကန်လမ်းမတွေပေါ်က ထရမ့်ဆန့်ကျင်ရေး No King လှုပ်ရှားမှု

၂၉ မတ် ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံတဝန်း မြို့ကြီးတွေမှာ ထရမ့်အစိုးရကို ဆန့်ကျင်တဲ့ No Kings လှုပ်ရှားမှုအဖြစ် လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ထောင်ချီ၊ သိန်းချီတဲ့ ပြည်သူတွေ လမ်းပေါ်ကို ဆင်းလာကြပါတယ်။ ဒီလှုပ်ရှားမှုဟာ ယခင်အကြိမ်တွေလိုပဲ လူအများအပြား ပါဝင်လာပြီး အစိုးရအပေါ် မကျေနပ်မှုတွေအတွက် လှုပ်ရှားမှုတခုဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရရဲ့ မူဝါဒတွေ၊ အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ စစ်ရေးအရေးယူမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းချုပ်မှုတွေ နဲ့ လူနေမှုစရိတ် မြင့်တက်လာတာတွေကို ဆန့်ကျင်ကြောင်း ပြောပါတယ်။

“ထရမ့်က ကျွန်တော်တို့ကို ဘုရင်လို အုပ်ချုပ်ချင်တယ်။ ဒါပေမယ့် ဒီနေရာမှာ အမေရိကန်ရဲ့အာဏာဟာ ပြည်သူတွေဆီမှာပဲ ရှိရမယ်” လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

တစ်ဖက်မှာတော့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဆန္ဒပြမှုတွေကို “စိတ်မတည်မငြိမ်ဖြစ်နေတဲ့ လူတွေ့ရဲ့ စုဝေးမှု” လို့ ပြောထားပြီး သတင်းထောက်တွေကသာ အာရုံစိုက်နေကြတာလို့ ပြန်လည် ပြောဆိုထားပါတယ်။

ဆန္ဒပြမှုတွေဟာ New York၊ Washington DC နဲ့ Los Angeles စတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာတော့ ဆန္ဒပြသူတွေက မြို့လယ်ခေါင် လမ်းမတွေတလျှောက် ချီတက်ခဲ့ပြီး လူအုပ်ကြီးတွေက Lincoln Memorial နဲ့ National Mall နေရာတွေမှာ စုရုံးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ထရမ့်နဲ့ ဒုတိယသမ္မတ JD Vance အပါအဝင် အစိုးရအရာရှိတွေကို ဆန့်ကျင်တဲ့ သင်္ကေတပုံစံ (effigies) တွေ ကိုင်ဆောင်ခဲ့ပြီး ရာထူးက နေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အထူးသဖြင့် Minnesota ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ လူအများအပြားပါဝင်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE) ရဲ့ အေးဂျင့်တွေ ပတ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးအမှုကြောင့် လူထုကို ဒေါသပိုထွက်စေခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ နာမည်ကြီးအနုပညာရှင် Bruce Springsteen လည်း ပါဝင် သီချင်းဖျော်ဖြေခဲ့ပြီး ဆန္ဒပြမှုကို ထောက်ခံခဲ့ပါတယ်။

New York Times Square မှာလည်း လူထောင်ချီ စုဝေးခဲ့ပြီး လမ်းပိတ်ထားခဲ့ရပါတယ်။

ဒါပေမယ့် Los Angeles မှာ ဆန္ဒပြသူတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ပဋိပက္ခအချို့ဖြစ်ပွားခဲ့ပြီး လူအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ အချို့နေရာတွေမှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ ဆန္ဒပြမှုဖြိုခွင်းရေး နည်းလမ်းတွေ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် Dallas မှာလည်း ဆန္ဒပြသူတွေနဲ့ ဆန့်ကျင်ဘက်အုပ်စုတွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

No Kings လှုပ်ရှားမှုဟာ ယခင်အကြိမ်မှာ လူပေါင်း သန်း ၇ ခန့် ပါဝင်ခဲ့ပြီး ဒီတကြိမ်မှာလည်း နိုင်ငံတဝန်း မြို့ကြီးများနဲ့ မြို့ငယ်တွေ အထိ ပျံ့နှံ့နေပါတယ်။ Boston၊ Nashville နဲ့ Houston စတဲ့ နေရာတွေမှာလည်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံပြင်ပမှာလည်း အမေရိကန်နိုင်ငံသားတွေက Paris၊ London နဲ့ Lisbon စတဲ့ မြို့တွေမှာ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည် အာဏာရရှိပြီးနောက် ထရမ့်အစိုးရက အာဏာကို ချဲ့ထွင်အသုံးပြုနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပြီး၊ ပြည်နယ်အစိုးရတွေက မလိုလားပေမယ့် National Guard တပ်ဖွဲ့တွေကို မြို့တွေဆီကို တပ်ဖြန့်ထားတာတွေကြောင့်လည်း လူထုရဲ့ဆန့်ကျင်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။

ထရမ့်ကတော့ သူ့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ပြောဆိုပြီး “ကျွန်တော် ဘုရင်မဟုတ်ပါဘူး” လို့ ပြောထားပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီမူဝါဒတွေဟာ ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်နိုင်တယ်လို့ သတိပေးနေကြပါတယ်။

ဒီနေ့အထိ ဆက်လက် ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ အမေရိကန်ပြည်သူတွေအတွင်း အာဏာနဲ့ ပြည်သူ့အခွင့်အရေးကြား ဆက်လက် တင်းမာနေဆဲ ဖြစ်ကြောင်း ထင်ဟပ်စေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး