၂၉ မတ် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံကိုလိမ်လည်ခေါ်ဆောင်ပြီး အဓမ္မအလုပ်ခိုင်းစေခံခဲ့ရတဲ့ ဟောင်ကောင်လူငယ်တစ်ဦးကို ကယ်ဆယ်ပြီး ထိုင်းနိုင်ငံကို လုံခြုံစွာ ပြောင်းရွှေ့ပေးနိုင်ခဲ့တယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အသက် ၂၅ နှစ်ရှိတဲ့ အဆိုပါလူငယ်ဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လိမ်လည်မှုအလုပ်တွေကို အဓမ္မလုပ်ခိုင်းစေခံနေရတာဖြစ်ပါတယ်။
ဟောင်ကောင်လုံခြုံရေးဌာနရဲ့ ပြောချက်အရ ကယ်ဆယ်ရေးလုပ်ငန်းကို မြန်မာနဲ့ ထိုင်းနိုင်ငံက တရုတ်သံရုံးတွေ၊ ဘန်ကောက်က ကုန်သွယ်ရေးရုံးနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါလူငယ်ကို မတ်လအတွင်း ကယ်ဆယ်နိုင်ခဲ့ပြီး ထိုနေ့တည်းမှာပဲ ထိုင်းနိုင်ငံကို ပြောင်းရွှေ့ပေးခဲ့ကာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ ကောင်းမွန်လာပြီးနောက် မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ကြောက်စရာ ရုပ်ရှင်ထဲကို ရောက်သွားသလိုပါပဲ” လို့ အဆိုပါလူငယ်က သူ့အတွေ့အကြုံကို ပြောကြားပြီး ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
စုံစမ်းမှုတွေအရ သူဟာ ဖေဖော်ဝါရီလအတွင်း အွန်လိုင်းအလုပ်ကြော်ငြာတစ်ခုကို ယုံကြည်ပြီး ထိုင်းနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ မတ်လအလယ်ပိုင်းမှာ ဘန်ကောက်ကို ရောက်ရှိပြီးနောက် ယာဉ်တစ်စီးနဲ့ လိုက်သွားရာကနေ မြန်မာနိုင်ငံဘက်ကို ခေါ်ဆောင်သွားခံခဲ့ရတာဖြစ်ပါတယ်။
မိသားစုနဲ့ ဆက်သွယ်မရတော့တာကြောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးနောက် အာဏာပိုင်တွေက ကယ်ဆယ်ရေး လုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ ငွေညှစ်တောင်းခံမှု မရှိခဲ့သလို ကိုယ်ခန္ဓာ ထိခိုက်မှုလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ်ကစပြီး အရှေ့တောင်အာရှဒေသတွင်း ပိတ်မိနေတယ်လို့ ယူဆရတဲ့ နိုင်ငံသားတွေနဲ့ပတ်သက်ပြီး အကူအညီတောင်းခံမှု ၃၂ ခု လက်ခံရရှိထားပြီး အဲဒီထဲက ၂၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ အွန်လိုင်းအလုပ်လှည့်ဖြားမှုကနေ လူကုန်ကူးမှုနဲ့ အဓမ္မအလုပ်ခိုင်းစေမှုတွေထိ ဆက်စပ်နေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်လာနေပြီး ထိုင်းကနေ မြန်မာနယ်စပ်ဘက်ကို ခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်တွေ ပိုမိုများပြားလာနေတယ်လို့ သတိပေးထားပါတယ်။
လုံခြုံရေးဌာနကတော့ ကျန်ရှိနေတဲ့ ဖြစ်စဉ်တွေကို ဆက်လက် စုံစမ်းသွားမယ်လို့ ပြောပြီး မိသားစုတွေကိုလည်း လိုအပ်တဲ့ အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ဆိုပါတယ်။


