Homeပြည်တွင်းသတင်းမြောက်ဦးမှာ ကိုယ်ဝန် ၉ လရှိ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

မြောက်ဦးမှာ ကိုယ်ဝန် ၉ လရှိ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာမှာ ကိုယ်ဝန် ၉ လရှိ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၇ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စွပ်စွဲခံထားရသူဟာ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာက ကိုဇော်မြင့်ထွန်းဖြစ်ကာ လက်ရှိမှာ ပေါက်ပင်ကွင်းကျေးရွာမှာ နေထိုင်နေသူလို့ သိရပါတယ်။

ကနဦးသတင်းတွေအရ ကိုဇော်မြင့်ထွန်းဟာ သူ့ရဲ့မိတ်ဆွေဖြစ်သူရဲ့ ကိုယ်ဝန် ၉ လရှိ အမျိုးသမီးကို ဝမ်းဗိုက်ပေါ် တက်ဖိပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အမျိုးသမီးမှာ ထိခိုက်နာကျင်မှုတွေ ရရှိခဲ့ပြီး ဝမ်းဗိုက်ထဲက ရင်သွေးအတွက်ပါ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာတာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပြီးနောက် ကနဦးမှာ ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီ တိုင်ကြားခဲ့ပေမယ့် နှစ်ဖက်ကျေအေးမှု ပြုလုပ်ခဲ့တာကြောင့် စွပ်စွဲခံရသူကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ပိုင်းမှာတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က အခင်းဖြစ်ရာကျေးရွာကို သွားရောက်စုံစမ်းပြီး ကိုဇော်မြင့်ထွန်းကို ပြန်လည်ဖမ်းဆီးကာ ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိအမှုမှာတော့ စွပ်စွဲခံရသူကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ထားတာ မရှိသေးတာကြောင့် စွပ်စွဲချက်အဆင့်မှာသာ ရှိနေသေးပါတယ်။

Related News

Most Read