Homeပြည်တွင်းသတင်းမြောက်ဦးမှာ မိန်းကလေးငယ်တွေကို အဓ္ဓမကျင့်ဖို့ ကြိုးစားတဲ့ ကျောင်းဆရာ ဖမ်းဆီးခံရ

မြောက်ဦးမှာ မိန်းကလေးငယ်တွေကို အဓ္ဓမကျင့်ဖို့ ကြိုးစားတဲ့ ကျောင်းဆရာ ဖမ်းဆီးခံရ

၂၂ မတ်လ ၂၀၂၆ | New Day Myanmar

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘက) ဆရာတဦးကို ကလေးငယ်များအပေါ် မဖွယ်မရာပြုမူမှုနဲ့ မုဒိမ်းမှုကြံစည်မှုတို့ဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမ (ဘက) ကျောင်းက အသက် ၅၆ နှစ်အရွယ် ဆရာ ဦးမောင်ငယ် (ခ) မောင်တင်နု ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အသက် ၈ နှစ်အရွယ် KG တန်းကျောင်းသူတဦးကို မဖွယ်မရာပြုမူခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် စုံစမ်းတွေ့ရှိချက်တွေအရ ၂၀၂၅ ခုနှစ်အတွင်းလည်း အသက် ၆ နှစ်ကနေ ၈ နှစ်ကြားရှိတဲ့ ကျောင်းသူ ၃ ဦးကို ထပ်မံကျူးလွန်ခဲ့တာတွေ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

အမှုကို မိဘများဘက်က မတ်လ ၆ ရက်နေ့မှာ တိုင်ကြားခဲ့ပြီးနောက် DLEPS က အမှုဖွင့်စုံစမ်းကာ မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မတ်လ ၁၆ ရက်နေ့က မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးကိုလည်း တစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလူငယ်ကို မုဒိမ်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် ဆက်လက်အရေးယူနေတယ်လို့လည်း သိရပါတယ်။

DLEPS ဘက်က ထုတ်ပြန်ချက်အရ မုဒိမ်းမှုကြံစည်မှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး အသက် ၁၂ နှစ်အောက် ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ်တသက် ဒါမှမဟုတ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေကိုလည်း ကလေးငယ်တွေကို ကြိုတင်ကာကွယ်ပေးဖို့၊ သံသယဖြစ်ဖွယ်တွေ့ရှိပါက အချိန်မီ သတင်းပေးပို့ဖို့နဲ့ ကျူးလွန်သူတွေကို မကာကွယ်ဘဲ ဝိုင်းဝန်းရှုံ့ချကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး