Homeပြည်တွင်းသတင်းနိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေအိမ်အကျယ်ချုပ်ပုံစံနဲ့ နေထိုင်နေရ၊ NLD ခေါင်းဆောင်ပိုင်းအချို့လည်း စောင့်ကြည့်ခံနေရ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေအိမ်အကျယ်ချုပ်ပုံစံနဲ့ နေထိုင်နေရ၊ NLD ခေါင်းဆောင်ပိုင်းအချို့လည်း စောင့်ကြည့်ခံနေရ

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ပြန်လည်နေထိုင်နေရပြီး NLD ခေါင်းဆောင်ပိုင်းအချို့လည်း စောင့်ကြည့်ခံနေရတဲ့ အခြေအနေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒါ့အပြင် NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်အပါအဝင် ပါတီဝင်အချို့လည်း စောင့်ကြည့်ခံနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သူကဆိုပါတယ်။

“အခုက သမ္မတကြီး လွတ်လာပြီးနောက်ပိုင်း မီဒီယာတွေနဲ့ လော်ဘီတွေက အမျိုးမျိုး ထင်ကြေးပေးရေးသားပြောဆိုတာတွေကြောင့် အခုလို အခြေအနေဖြစ်သွားတာလို့ မြင်ပါတယ်။ အခုက နေပြည်တော်က အိမ်မှာ တပ်က အဝင်အထွက်တွေကို စစ်ဆေးပါတယ်။ လုံခြုံရေးပိုင်းကို အပြည့်ချထားလိုက်ပြီဆိုတော့ ဒါက အကျယ်ချုပ်ပုံစံဘဲလေ။ ၁၉ ရက်နေ့က စပြီး အခုလို အခြေအနေဖြစ်သွားတာ”လို့ သူကဆိုပါတယ်။

BBC နဲ့ ပြည်ပမှာရှိတဲ့ မြန်မာ မီဒီယာအချို့ကို အင်တာဗျူးဖြေဆိုခဲ့တဲ့ ဒေါက်တာမျိုးညွှန့်ကိုလည်း ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်နေပြီး မီဒီယာဖြေဆိုမှုအပေါ် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး New Day Myanmar က ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရရှိသေးပါဘူး။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီ ၁၇ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အခုလို နေအိမ်အကျယ်ချုပ်ပုံစံနဲ့ နေထိုင်ရတာဖြစ်ပါတယ်။

ယခုအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ် တစုံတရာ ထုတ်ပြန်အသိပေးတာ မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး