Homeပြည်တွင်းသတင်းပြည်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်နိုင် ကျဆုံး

ပြည်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်နိုင် ကျဆုံး

၂၅ မေ ၂၀၂၆ | New Day Myanmar

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှာ စစ်အုပ်စုက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်နိုင် (အသက် ၄၉ နှစ်) ဟာ မေ ၂၂ ရက်မှာ ပြည်မြို့နယ် ကုတင် ၅၀၀ ဆေးရုံကြီးမှာ ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ကိုဌေးအောင်နိုင်ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှာ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှာ ပြည်ခရိုင်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၂-က၊ ၅၀-ည တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားအမိန့်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

PPNM ရဲ့ ထုတ်ပြန်ချက်အရ ကိုဌေးအောင်နိုင်ဟာ မေ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ထောင်ဆေးရုံမှာ ဝမ်းချုပ်တာ၊ ရင်ပြည့်တာနဲ့ အသက်ရှူမဝတာတွေ ခံစားခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

အဲဒီနောက် အခြေအနေဆိုးရွားလာတာကြောင့် မေ ၂၂ ရက် နံနက် ၈ နာရီခန့်မှာ ပြည်မြို့နယ် ကုတင် ၅၀၀ ဆေးရုံကြီးကို လွှဲပြောင်းကုသခွင့်ရရှိခဲ့ပေမယ့် အဲဒီနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်မှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကျဆုံးသူ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်နိုင်ရဲ့ ရုပ်အလောင်းကို ပြည်မြို့နယ်ဆေးရုံကြီး ရင်ခွဲရုံမှာ ထားရှိခဲ့ပြီး မေ ၂၃ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်မှာ ပြည်မြို့ အေးငြိမ်းရာ ဘာသာပေါင်းစုံသုဿန်မှာ မိသားစုဝင်တွေနဲ့အတူ သင်္ဂြိုလ်ခဲ့ကြကြောင်း သိရပါတယ်။

PPNM က အကျဉ်းထောင်တွေထဲမှာ ဆေးဝါးစောင့်ရှောက်မှု အချိန်မီ ကောင်းမွန်စွာ မရရှိတာနဲ့ ဖိနှိပ်ချုပ်ချယ်မှုဒဏ်တွေကြောင့် အသက်ပေးဆပ်ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ တိုးပွားလာနေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး စစ်အုပ်စုနဲ့ အကျဉ်းထောင်အာဏာပိုင်တွေမှာ လုံးဝတာဝန်ရှိတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် PPNM အနေနဲ့ ကျဆုံးသွားတဲ့ ကိုဌေးအောင်နိုင်ကို လေးနက်စွာ အလေးပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး